အောင်လပါဝင်သီဆိုထားတဲ့ ဝိုင်းစုရဲ့ "မယ်သီတာ" ဇူလိုင် ၁၆တွင် ဖြန့်ချိမည်

အောင်လပါဝင်သီဆိုထားတဲ့ ဝိုင်းစုရဲ့ "မယ်သီတာ" ဇူလိုင် ၁၆တွင် ဖြန့်ချိမည်
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဇူလိုင် ၇။         ။  အဆိုတော် ဝိုင်းစုခိုင်းသိန်းသည် တေးသံရှင်အောင်လနှင့်အတူ ပထမဆုံးသီဆိုထားသော သီချင်းပါဝင်သည့် “မယ်သီတာ” တေးစီးရီးမိတ်ဆက်ပွဲကို  ရန်ကုန်မြို့  ၈မိုင်ရှိ The Loft Bar တွင် ဇူလိုင်လ ၇ ရက်က ပြုလုပ်ခဲ့သည်။

မယ်သီတာ တေးစီးရီးကို ဇူလိုင် ၁၆ ရက်တွင် ဖြန့်ချိမည်ဟု သိရသည်။

အောင်လနှင့်အတူ နှစ်ယောက်ခံစားချက်ကို သီဆိုခဲ့သော သီချင်းမှာ “အနားမှာရှိရင်” ဆိုသည့် သီချင်းဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် အနားမှာရှိရင် ကမ္ဘာပျက်သွားတာတောင် မကြောက်ဘူး ဆိုတဲ့အကြောင်းကို ရေးဖွဲ့ထားသည်ဟု တေးသံရှင်ဝိုင်းစုခိုင်သိန်းက ဆိုသည်။

“ဒီသီချင်းလေးက နှစ်ယောက်ရဲ့ ခံစားချက်ရေးထားတာဆိုတော့ ဆိုရတာ ပိုကောင်းပါတယ်။ သီချင်းလေးက အနားမှာရှိရင်ဆိုတဲ့ သီချင်းလေးပါ။ တစ်ယောက်နဲ့ တစ်ယောက် နင်သာအနားမှရှိခဲ့လို့ရှိရင် ဘယ်လောက်ပဲ အနှောင့်အယှက်တွေရှိရှိ၊ ဘယ်လောက်ပဲ အတားအဆီးတွေရှိရှိ တစ်ယောက်နဲ့ တစ်ယောက် လက်တွဲထားမယ်။ အမြဲတမ်း အနားမှာရှိရင် ကမ္ဘာပျက်သွားတာတောင် မကြောက်ဘူးဆိုတဲ့ အကြောင်းကိုရေးထားတာပါ။” ဟု ၎င်းကပြောသည်။

“မယ်သီတာ” တေးစီးရီးတွင် သီချင်းစုစုပေါင်း ၆ ပုဒ်ပါဝင်ပြီး တေးသံရှင်အောင်လက တေးသီချင်းတစ်ပုဒ် ပါဝင်ရေးသားထားကြောင်း သိရသည်။ 

“ဒီခွေထဲမှာ ကျွန်တော်ရေးထားတဲ့ သီချင်းတစ်ပုဒ်ပါတယ်။ ဒီတစ်ခွေလုံးကို သူကိုယ်တိုင် ဟာမိုနီလိုက်ထားတယ်။ ကျွန်တော်တို့ အရင်ထက်တော့ အများကြီး ပိုကြိုးစားထားတယ်။” ဟု အောင်လက ပြောသည်။

အဆိုတော် သရုပ်ဆောင် ဝိုင်းစုခိုင်သိန်း၏ လာမည့် ဒီဇင်ဘာလတွင် ကျရောက်မည့်် မွေးနေ့၌ One Lady Show ပြုလုပ်သွားမည်ဖြစ်ပြီး ယခုတေးစီးရီးမှ သီချင်းသစ်များကိုလည်း ထည့်သွင်းသီဆိုသွားမည်ဟုသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly