မြန်မာ့ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် တစ်ဆူ နော်ဝေနိုင်ငံမှ မြန်မာသို့ ပြန်ပေး

မြန်မာ့ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် တစ်ဆူ နော်ဝေနိုင်ငံမှ မြန်မာသို့ ပြန်ပေး

နေပြည်တော်၊ ဇူလိုင်၇ ။            ။ စကျင်ကျောက်ဖြင့် ထုလုပ်ထားသော ၁၉ ရာစုခေတ်လက်ရာ မြန်မာ့ရှေးဟောင်းဒ္ဓဆင်းတုတော် တစ်ဆူအား နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ လွှဲပြောင်းပေးအပ်ခြင်းကို ဇူလိုင်လ ၆ ရက်က နေပြည်တော်ရှိ အမျိုးသားပြတိုက်တွင် ပြုလုပ်ခဲ့သည်။

နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး H.E Mr.Borge Brenda၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထံသို့  ၁၉ ရာစုခေတ်လက်ရာ မြန်မာ့ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်ကို ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်သည် ၂၀၁၁ခုနှစ်က နော်ဝေနိုင်ငံသို့ ယူဆောင်လာရာတွင် နော်ေ၀ အကောက်ခွန်ဌာန ရှိ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခဲ့ရာ ဗုဒ္ဓရုပ်ပွားတော်ကို ဝယ်ယူလာသူမှာ ထိုင်းနိုင်ငံရှိ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ရှေးဟောင်းပစ္စည်း အရောင်းဆိုင်မှ ဝယ်ယူလာခြင်း ဖြစ်ပြီး အဆိုပါ ဗုဒ္ဓ ရုပ်ပွားတော်သည် အခြားနိုင်ငံမှ ထိုင်းနိုင်ငံသို့တရားမဝင် တင်သွင်းလာခြင်း   ဖြစ်သည်။

ထို့ကြောင့် နော်ဝေ ယဉ်ကျေးမှုဝန်ကြီးဌာနမှ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို နော်ဝေးနိုင်ငံ ၊အော်စလိုမြို့ရှိ သမိုင်းပြတိုက်သို့ ပင့်ဆောင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပြတိုက်ကျွမ်းကျင်သူများနှင့် စစ်ဆေးကြည့်ခဲ့ရာ တွေ့ရှိချက်အရ ဗုဒ္ဓရုပ်ပွားတော်သည် မန္တလေးဒေသမှဖြစ်ကာ စကျင်ကျောက်ဖြင့် ပြုလုပ်ထားပြီး နှစ်ပေါင်း ၁၅၀မှ ၂၀၀သက်တမ်းရှိပြီဖြစ်သည်။

သို့ဖြစ်၍ နော်ဝေနိုင်ငံ အစိုးရနှင့် မြန်မာ အစိုးရတို့ကြား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု နှင့်ပူးပေါင်းဆောင်ရွက်မှု သင်္ကေတအဖြစ်နှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ယဉ်ကျေးမှု အမွေ အနှစ်ပစ္စည်းများကို တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးအတွက်  ပူးပေါင်းပြီး ကြိုးပမ်းအားထုတ်မှုကို အလေးထားသည့်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ ပြန်လည် လက်ခံပင့်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ အမေရိကန်နိုင်ငံသို့ရောက်သွားခဲ့ဖူးသည့် ပုဂံခေတ် လက်ရာကျောက်ဆင်းတု တစ်ဆူကို သံခင်းတမံခင်းအရပြန်လည်ရရှိခဲ့ဖူးပြီး ယခုလ ပိုင်းတွင်လည်း လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ကျော်က ပဲခူး တဝိုက်ရှိ ဘုရားဈေး ပွဲဈေးများမှဝယ်ယူသွားသော ရှေးဟောင်းပစ္စည်းများကို နယူးဇီလန်ရှိ မိသားစု တစ်စုထံမှ လာရောက်လွှဲအပ်ပေးမည့် အခြေအနေရှိသည်ဟု ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်ကဆိုသည်။

“ကျွန်တော်တို့သူတို့လာအပ်တဲ့ အချိန်ကျရင်တော့ အသေးစိတ် ထပ်မေးပါမယ် ။ အဲ့ဒီက ဝယ်သွားတဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံက ပစ္စည်းတွေ ဟုတ်မဟုတ်နဲ့ ၊ ဟုတ်တယ်ဆိုရင်လည်းသူတို့က ပြန်ပေးချင်တယ်ဆိုတော့ ဆက်သွယ်လာတယ် ။ အဲ့ဒီမှာ ကြည့်လိုက်တော့ ရှေးဟောင်းပစ္စည်းအနေနဲ့ ကတော့ ဆင်းတုနှစ်ဆူပေါ့ ။ စကျင်နဲ့ ပြုလုပ်ထားတဲ့ ဆင်းတုတစ်ဆူရယ်၊ ငွေဖောင်းကြွ ဆင်းတုတစ်ဆူရယ် ဒီနှစ်ဆူကတော့ ကုန်းဘောင်ခေတ်နှောင်းပိုင်း လက်ရာဖြစ်ပါတယ် ။ ကျန်တဲ့ပစ္စည်းတွေကတော့ကြေးစည် ၊ ကြေးစည်ထုတဲ့ ဘု ကျန်သည့် နောက်ပိုင်းလက်ရာပစ္စည်း တွေ ဖြစ်ပါတယ်။ ပိုင်ရှင်က လွှဲပေးချင်တယ်ဆိုလို့ လည်း ကျွန်တော်တို့ကလက်ခံဖို့စီစဉ်ထားပါတယ်။ ဒီလအတွင်းမှာတော့  လာရောက်လွှဲ အပ်ပေးမယ့် အခြေအနေရှိပါတယ်” ဟု ၎င်းကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly