မန္တလေးတွင် ကျပ်သိန်းပေါင်း ၆ သောင်းကျော်ရှိ စိတ်ကြွဆေးပြားများနှင့် ရွှေထည်ပစ္စည်း ၂ ပိဿာကျော် ဖမ်းဆီးရမိ

မန္တလေးတွင် ကျပ်သိန်းပေါင်း ၆ သောင်းကျော်ရှိ စိတ်ကြွဆေးပြားများနှင့် ရွှေထည်ပစ္စည်း ၂ ပိဿာကျော် ဖမ်းဆီးရမိ
ဓာတ်ပုံ - မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇူလိုင် ၆ ။                ။ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ လားရှိုးမူးယစ်ကွင်းဆက်တရာခံ ကျော်ဝင်းဆိုသူ၏ နေအိမ်ခြံဝင်းအတွင်းနှင့် ဂိုဒေါင်အတွင်းမှ ရွှေထည်ပစ္စည်း ၂ ပိဿာကျော်နှင့် ကျပ်သိန်းပေါင်း ၆ သောင်းကျော်ရှိ စိတ်ကြွဆေးပြားများ ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဇူလိုင်လ ၆ ရက်က သတင်းထုတ် ပြန်သည်။

အဆိုပါ လားရှိုးမူးယစ်ကွင်းဆက်တရာခံ ကျော်ဝင်းပိုင် နေအိမ်ခြံဝင်းအတွင်းနှင့် ဂိုဒေါင်အတွင်းသို့ ဇူလိုင်လ ၅ ရက်၊ နေ့လည် ၁၁ နာရီ၊ ၄၅ မိနစ်အချိန်တွင် မူးယစ်တပ်ဖွဲ့ခွဲမှူး(မန္တလေး) ဦးစီးတပ်ဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးတပ်ဖွဲ့ဝင်တို့က သက်သေများနှင့်အတူ သွားရောက်ရှာဖွေရာမှ ရွှေထည်ပစ္စည်းများနှင့် ဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ရဲတပ်ဖွဲ့မှ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်ရှိ အိမ်အမှတ် (၅၅+၇၂) ဖြစ်သည့် ကျော်ဝင်း ဆိုသူ၏ နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ရှာဖွေခဲ့ရာတွင် BMW အနက်ရောင်ယာဉ်တစ်စီး၊ Chevrolet အနက် ရောင်ယာဉ်တစ်စီးနှင့် ခြံဝန်းအတွင်းရှိ မီးခံသေတ္တာအတွင်းမှ ငွေကျပ်သိန်း ၃၆ဝ၊ အလေးချိန် ၁ဝ သားရှိ ရွှေတုံး ၁၂ တုံး၊ ရွှေထည်ပစ္စည်းလက်ဝတ်ရတနာမျိုးစုံ စုစုပေါင်းအလေးချိန် ၂ ပိဿ ၁၆ ကျပ်သားတို့အား သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်ခြံဝင်းရှိ ခြံစောင့်အောင်မင်းထွန်းဆိုသူ၏ ထွက်ဆိုချက်အရ  ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရပ် ကွက်၊ မင်းကြီးရန်နောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းကြားရှိ လားရှိုးမူးယစ်ကွင်းဆက်တရာခံ   ကျော်ဝင်း၏ ဂိုဒေါင်အတွင်းသို့ မူးယစ်ရဲတပ်ဖွဲ့မှ ထပ်မံသွားရောက်ရှာဖွေခဲ့ရာ ဂိုဒေါင်အတွင်းမှ Hiace အဖြူရောင်ယာဉ်တစ် စီး၊ SURF ပုံပြောင်းအဖြူရောင်ယာဉ်တစ်စီးနှင့် Navibator အမေရိကန်ကား အနက်ရောင်ယာဉ်တစ်စီးတို့အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဂိုဒေါင်အတွင်းမှ သိမ်းဆည်းရမိသော ယာဉ်များအား စစ်ဆေးရာ SURF ပုံပြောင်းအဖြူရောင်ယာဉ် ပေါ်နှင့် စပယ်ယာဘီးအတွင်းမှ 88/1 စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၆၄,ဝဝဝ ပြား၊ SURF ပုံပြောင်းအဖြူရောင်ယာဉ်၏ ဆီတိုင်ကီအံဝှက်အတွင်းနှင့် စပယ်ယာဘီးအတွင်းမှ ဆေးပြား ၇ သိန်း၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၆၃,၂ဝဝ တန်ဖိုးရှိ ဆေးပြား ၁,၂၆၄,ဝဝဝ ပြားအား ထပ်မံရှာဖွေ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ထိုသို့ နေအိမ်ခြံဝန်းအတွင်းနှင့် ဂိုဒေါင်အတွင်းရှိ ကားများမှ ရွှေထည်ပစ္စည်းများ၊ ဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်း ကြောင့် ပြစ်မှုကျူးလွန်သူကို ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly