ကဒါဖီ၏ သားဖြစ်သူအား နှိပ်စက်ညှင်းပန်းသည့် ဗွီဒီယိုကို လစ်ဗျား စုံစမ်းစစ်ဆေးလျှက်ရှိ

ကဒါဖီ၏ သားဖြစ်သူအား နှိပ်စက်ညှင်းပန်းသည့် ဗွီဒီယိုကို လစ်ဗျား စုံစမ်းစစ်ဆေးလျှက်ရှိ

ထရီပိုလီ၊ သြဂုတ် - ၅ ။    ။ လစ်ဗျားခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး မူအမ္မာကဒါဖီ၏ သားတစ်ယောက်နှင့် အခြားအကျဉ်းသားများကို အကျဉ်းထောင်အတွင်းတွင် နှိပ်စက်ညှဉ်းပန်းနေဟန် ပုံပေါ်နေသည့် ဗွီဒီယိုကို စုံစမ်းစစ်ဆေးလျှက်ရှိသည်ဟု ဆိုသည်။

ဗွီဒီယိုတွင် ဆာဒီ ကဒါဖီမှုာ အကျဉ်းထောင်ရဲများက ခြေဖဝါးများကို ရိုက်နှက်နေသောကြောင့် အော်ဟစ်နေပုံ ပေါ်နေသည်ဟုဆိုသည်။

ထရီပိုလီအစိုးရရှေ့နေကမူ ဗွီဒီယိုတွင်ပေါ်နေသည့် အစောင့်ရဲများကို မည်သူမည်ဝါဖော်ထုတ်ပြီး ဥပဒေအရ အရေးယူသွားမည် ဟုပြောကြားသည်။

လူ့အခွင့်အရေး ရပ်ခံအရေးဆိုသူများကလည်း ClearNews ဝဘ်ဆိုက်ပေါ်တွင် ကြည့်ရှုနိုင်သည့် အဆိုပါဗွီဒီယိုနှင့် ပတ်သက်၍ ပြစ်တင်ရှုတ်ချခဲ့ကြသည်။

''နှိပ်စက်ညှဉ်းပန်းမှု (ဒါမှမဟုတ်) အခြား ရက်စက်မှုတွေကို ဘယ်လိုအခြေအနေမျိုးမှာမှ တရားမျှတသယောင် လုပ်လို့မရပါဘူး''ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီး၏ လက်ထောက် အရှေ့အလယ်ပိုင်း ဒါရိုက်တာဂျိုး စတော့ ကပြောကြားခဲ့သည်။

ဆာဒီ ကဒါဖီကို နိုင်ဂျာမှ လွှဲပြောင်းပေးပြီးနောက်တွင် ဆန္ဒပြသူများအား ပစ်ခတ်မှု၊ ဖခင်အုပ်စိုးစဉ်အတွင်း အခြားပြစ်မှုများကို ကျူးလွန်ခဲ့မှု စွဲချက်များဖြင့် ယမန်နှစ်ကတည်းက မြို့တော် ထရီပိုလီရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းချထားခဲ့သည်။

ဗိုလ်မှူးကြီး ကဒါဖီ၏ နောက်ထပ်သားတစ်ယောက်ဖြစ်သည့် ဆိတ်အယ်လ် အစ္စလာမ်ကိုမူ နောက်ဆုံးတွင် အာဏာရှင် ကဒါဖီကိုဖြုတ်ချနိုင်ခဲ့သော ၂၀၁၁ ခုနှစ်တော်လှန် ပုန်ကန်မှုအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်က မျက်ကွယ်တွင် သေဒဏ်ချမှတ်ထားခဲ့သည်။

ဆိတ် အယ်လ် အစ္စလာမ်ကို ဇင်တန်မြို့မှ သူပုန်အုပ်စုတစ်စုက ဖမ်းဆီးထိန်းသိမ်းထားပြီး၊ ထရီပိုလီသို့ လွှဲပြောင်းပေးရန် ကိုမူငြင်းဆန်နေခဲ့သည်။

ဗိုလ်မှူးကြီးကဒါဖီကို ဖြုတ်ချပြီးကတည်းက ဂိုဏ်းနှစ်ဂိုဏ်းက နိုင်ငံကို အပြိုင်အုပ်ချုပ်လာနေခဲ့သောကြောင့် လစ်ဗျားမှာ ကသောင်းကနင်းဖြစ်နေသည်။

နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ပါလီမန်မှာ ဗေဒါနှင့် တိုဘရပ်တွင် အခြေစိုက်သော်လည်း မြို့တော် ထရီပိုလီကိုမူ ပြိုင်ဘက် Libya Dawn အုပ်စုက ထိန်းချုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly