ဗင်နီဇွဲလား လွှတ်တော်အား အစိုးရထောက်ခံသူများ တစ်နာရီကြာ စီးနင်း

ဗင်နီဇွဲလား လွှတ်တော်အား အစိုးရထောက်ခံသူများ တစ်နာရီကြာ စီးနင်း

ကရာကတ်၊ ဇူလိုင် ၆ ။              ။ အတိုက်အခံ အင်အားကြီးသည့် ဗင်နီဇွဲလားလွှတ်တော်အား အစိုးရဖက်က ထောက်ခံသည့် အုပ်စုများက ဇူလိုင် ၅ ရက်တွင် တစ်နာရီကြာ စီးနင်းခဲ့ပြီးနောက် လွှတ်တော်အမတ်များ၊ သတင်းထောက်များနှင့် လွှတ်တော်ဝန်ထမ်းများအား လွှတ်တော်အဆောက်အအုံတွင်းမှ ပြန်လည်ထွက်ခွာခွင့် ပေးလိုက်သော်လည်း တွန်းထိုးခြင်း၊ ကိုယ်ထိလက်ရောက် ပြုကျင့်မှုများ ခံရကြောင်း ၎င်းပြန်ထွက်လာသူများက ပြောသည်။

ည ခြောက်နာရီအချိန်ခန့်တွင် လွှတ်တော်အတွင်း အလုပ်သမားဝန်ထမ်း ၁၂၀၊ ဂျာနယ်လစ် ၁၀၈ ဦးနှင့် အတိုက်အခံအမတ် ၉၄ ဦးကို အစိုးရထောက်ခံသော လက်နက်ကိုင်များက လွှတ်တော်ဝင်းအတွင်း ဖမ်းဆီးပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏ ဆိုရှယ်လစ်အစိုးရ ထောက်ခံသူ ဒါဇင်များစွာက ကျောက်တုံးကျောက်ခဲများနှင့် အခြားရရာပစ္စည်းများဖြင့် လွှတ်တော်အတွင်း ပစ်ပေါက်ကြခြင်းကြောင့် အနည်းဆုံး လွှတ်တော်အမတ် ရှစ်ဦး ဒဏ်ရာရပြီး ပျက်စီးမှုများလည်း ရှိခဲ့သည်။

နီကိုလပ်မာဒူရိုအစိုးရအား ထောက်ခံသော လက်နက်ကိုင် ၃၀ နီးပါးသည် အတိုက်အခံအမတ်များ ထိန်းချုပ်ထားရာ အမျိုးသားလွှတ်တော်တွင်းသို့ စီးနင်းဝင်ရောက်ကြကာ အမတ်အချို့ကိုလည်း တိုက်ခိုက်ခဲ့သည်။

ဦးခေါင်းတွင် ဒဏ်ရာရကာ သွေးထွက်နေသည့် လွှတ်တော်အမတ်၏ ဓာတ်ပုံအား လွှတ်တော်ဥက္ကဌ မန်နျူရယ်အိုလီဗာရီက တွစ်တာတွင် ပို့စ်တင်ကာ ဖော်ပြခဲ့သည်။

လွှတ်တော်အဆောက်အအုံတွင်း ကျုးနင်းဝင်ရောက်သူများအား ရဲက ပြန်လည်နှင်ထုတ်လိုက်နိုင်ပြီဖြစ်သော်လည်း အစိုးရဘက်တော်သားများက လွှတ်တော်ဝင်ပေါက်ထွက်ပေါက်များကို ပိတ်ဆို့ထားလျက်ရှိဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly