၆၆(ဃ)ပြင်ဆင်ဖို့ လွှတ်တော်က စဉ်းစားနေပြီလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

၆၆(ဃ)ပြင်ဆင်ဖို့ လွှတ်တော်က စဉ်းစားနေပြီလို့ ဒေါ်အောင်ဆန်းစုကြည်ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အား ပြင်ဆင်ရန် လွှတ်တော်က စဉ်းစားနေပြီဖြစ်သလို မျှတမှုမရှိသည့် ဥပဒေများကို ပြင်ဆင်သွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“တရားဥပဒေက မျှတမှုမရှိဘူးဆိုရင်တော့ တရားဝင်လုပ်ထုံးလုပ်နည်းအရ ဥပဒေပြန်လည်ပြုပြင် ရေးဆွဲဖို့ စဉ်းစားမှာပါ။ လွှတ်တော်အနေနဲ့ ၆၆(ဃ)ကို ပြုပြင်ရေးဆွဲဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဇူလိုင် ၆ရက်၊ နံနက် ၁၀နာရီခွဲတွင် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဆက်သွယ်ရေးဥပဒေအား ၂၀၁၃ခုနှစ်က ပြဌာန်းထားခြင်းဖြစ်ပြီး ယခုအချိန်တွင် ယင်းဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရသည့် အမှု စုစုပေါင်း (၆၈)မှုအထိ ရှိလာသည်ဟု ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့၏ စာရင်းများအရ သိရသည်။ အဆိုပါ (၆၈)မှုအနက် သတင်းမီဒီယာသမားများကို စွဲဆိုသည့်အမှုမှာလည်း (၉)မှု ပါဝင်သည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။ ဥပဒေတွင် ယင်းပုဒ်မသည် အာမခံ မရနိုင်ကြောင်း ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

ပြီးခဲ့သည့်လက သတင်းသမား ၃ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး တရားစွဲခံရသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအား ရိုက်တာသတင်းဌာနက အဆိုပါ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။

“နိုင်ငံတကာအနေနဲ့လည်း စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်” ဟု ရိုက်တာက မေးမြန်းခဲ့သည်။

“ကျွန်မတို့အနေနဲ့ ချမှထားတဲ့ ဥပဒေတွေဟာ တရားမျှတမှုမရှိကြောင်း သေချာအောင် လုပ်ရပါတယ်။ ပြည်သူလူထုအနေနဲ့ ချမှတ်ထားတဲ့ ဥပဒေတွေဟာ တရားမျှတမှုမရှိဘူးလို့ ထင်တယ်ဆိုရင် လွှတ်တော်က ဥပဒေကို ပြင်ဆင်ခွင့်ရှိပါတယ်။ အုပ်ချုပ်ရေးအပိုင်းက ဥပဒေရေးရာကိစ္စရပ်တွေမှာ ဝင်ရောက် စွက်ဖက်ခွင့် မရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့သည်။

ထို့ပြင် အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် အမှုများကို မည်ကဲ့သို့ ကိုင်တွယ်စစ်ဆေးရမည်ကို အမိန့်ပေးညွှန်ကြား၍ မရကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒါက တရားစီရင်သူတွေရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ အကယ်၍ တရားစီရင်သူတွေဘက်က သေသေချာချာ အလုပ်လုပ်ကိုင်နေခြင်းမရှိဘူး ဆိုရင်တော့ အုပ်ချုပ်ရေးအပိုင်းကနေ အရေးယူပေးဖို့ တာဝန်ရှိလာပါတယ်” ဟု သူမက ဆိုသည်။

အစိုးရနှင့် အပစ်ရပ်လက်မှတ်မထိုးထားသည့် တအာင်း/ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) နယ်မြေတွင် သွားရောက်သတင်းယူသည့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ကိုသိန်းဇော်၊ DVB သတင်းဌာနမှ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုအေးနိုင် နှင့် ကိုပြည့်ဘုန်းအောင်တို့ ၃ဦးကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

 

လက်ရှိတွင် အဆိုပါ သတင်းသမား ၃ဦးသည် သီပေါအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရပြီး မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် တပ်မတော်က တရားစွဲဆိုထားသည်။ လာမည့် ဇူလိုင် ၁၀ရက်တွင်မူ ၎င်းတို့ ၃ဦးအား သီပေါမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် စတင်ရုံးထုတ်မည် ဖြစ်သည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly