မြောက်ကိုရီးယားအရေးတွင် စစ်အင်အား သုံးသင့်က သုံးမည်ဟု အမေရိကန်ပြော

မြောက်ကိုရီးယားအရေးတွင် စစ်အင်အား သုံးသင့်က သုံးမည်ဟု အမေရိကန်ပြော

ဝါရှင်တန်၊ ဇူလိုင် ၆ ။           ။ ကုလသမဂ္ဂတွင် မြောက်ကိုရီးယားနှင့် ပတ်သက်ပြီး နိုင်ငံတကာက ပိုမိုဖိအားပေးရန် အမေရိကန်နိုင်ငံက ဇူလိုင် ၅ ရက်က တောင်းဆိုလိုက်ပြီး ပြုံယမ်း၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရာတွင် လိုအပ်ပါက အမေရိကန်စစ်အင်အားကို အသုံးပြုသွားဖို့ အသင့်ရှိကြောင်းလည်း သတိပေးလိုက်သည်။

မြောက်ကိုရီးယားအရေးတွင် စေ့စပ်ညှိနှိုင်းရေးကိုသာ မပြတ်တောင်းဆိုနေသည့် ရုရှနှင့် တရုတ်တို့၏ ရပ်တည်ချက်တွင် စစ်ရေးအရေးယူမှုကို ဆန့်ကျင်လျက်ရှိနေသည့်ကြားက အမေရိကန်က ယခုကဲ့သို့ ဆိုလာခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသည် မြောက်ကိုရီးယားကို တင်းကြပ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်နိုင်ရေးအတွက် လုံခြုံရေးကောင်စီတွင် လာမည့်ရက်များအတွင်း ဆုံးဖြတ်ချက် တင်ပြသွားမည်ဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေးက ကြေညာသည်။

ပြီးခဲ့သည့် ဇူလိုင် ၄ ရက်က မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန် အလက်စကာပြည်နယ်အထိ ပစ်လွှတ်စွမ်းသော  တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်လိုက်ခြင်းကြောင့် ယခုကဲ့သို့ တုံ့ပြန်မှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။

အဆိုပါ တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ်မှုဖြင့် မြောက်ကိုရီးယား၏ စစ်ရေးအရှိန်မြှင့်နေမှုက သိသာထင်ရှားကြောင်း၊ ယင်းနိုင်ငံသည် နျူထိပ်ဖူးတပ် ဒုံးကျည်ဖြင့် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံက မြို့များကို ပစ်ခတ်ရန် ကြံရွယ်ချက်ရှိကြောင်းကိုလည်း ဖွင့်ထုတ်ပြောဆိုထားကြောင်း၊ ယခု ၎င်းနိုင်ငံ၏ ဒုံးကျည်စွမ်းဆောင်ရည်က ယင်းရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်မည့်ဟန် ရှိနေကြောင်း ဟာလေးက ထပ်လောင်းပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags