လာကာဇက်တီနှင့်အာဆင်နယ်အသင်း၏ ပထမဆုံး အင်တာဗျူး

လာကာဇက်တီနှင့်အာဆင်နယ်အသင်း၏ ပထမဆုံး အင်တာဗျူး

အာဆင်နယ်အသင်းဟာ ကလပ်စံချိန်တင်ပြောင်းရွေ့ကြေး ပေါင် (၅၃)သန်းနဲ့ လိုင်ယွန်အသင်းထံမှ ပြင်သစ်တိုက်စစ်မှူး အလက်ဇန်ဒရီ လက်ကာဇက်တီကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီး (၅)နှစ်စာချုပ်,ချုပ်ဆိုသွားခဲ့ပါတယ်။

အပိုဆုကြေးအပါအဝင် အဆိုပါ ပြောင်းရွှေ့ကြေး ပေါင် (၅၃)သန်းဟာ အာဆင်နယ်အသင်းက ၂၀၁၃ ခုနှစ်က အိုဇေးလ်အတွက် ပေးချေခဲ့ရတဲ့ ပေါင် (၄၂.၄)သန်းကို ကျော်ဖြတ်သွားခဲ့ပါတယ်။

အသက် ၂၆ နှစ်ရှိ လက်ကာဇက်တီဟာ လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ (၂၇၅)ပွဲမှာ (၁၂၉)ဂိုး သွင်းယူနိုင်ခဲ့သူပါ။ ပြီးခဲ့တဲ့ရာသီကလည်း ၂၈ ဂိုးအထိသွင်းယူခဲ့သူပါ။ အာဆင်နယ်အသင်း ဝက်ဘ်ဆိုက်က သူတို့ရဲ့တိုက်စစ်မှူးသစ်ကို ပထမဆုံးအင်တာဗျူးပြုလုပ်ခဲ့ပါတယ်။

မေး - ဂုဏ်ယူပါတယ် အလက်ဇန်ဒရီရေ။ အာဆင်နယ်ကစားသမားဖြစ်လာရတဲ့ ခံစားချက်ကို ပြောပြပါဦး။

ဖြေ - ကောင်းပါတယ်။ အာဆင်နယ်အသင်းက ဂန္ထဝင်ကလပ်အသင်းဖြစ်လို့ အာဆင်နယ်ကစားသမားဖြစ်လာရတဲ့အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

အာဆင်နယ်မှာ ကစားဖို့က ငယ်ဘဝအိပ်မက်ပါ။ ဒီမှာကစားခဲ့ကြတဲ့ အွန်နရီနဲ့အခြား ပြင်သစ်ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ ဒီအသင်းမှာ အမြဲကစားချင်ခဲ့တာပါ။ အခုတော့ ဒီအိပ်မက်တွေ ဖြစ်မြောက်လာပါပြီ။

မေး - ပြင်သစ်ကစားသမားတွေကြောင့်အပြင် အခြားဘယ်အကြောင်းအရာကများ အာဆင်နယ်မှာကစားဖို့ ဆွဲဆောင်နိုင်ခဲ့တာလဲ။

ဖြေ - အာဆင်နယ်အသင်းရဲ့ သမိုင်းကြောင်းကို ကျွန်တော်သဘောကျပါတယ်။ နည်းပြရဲ့ အချက်အလက်တွေကလည်း ကောင်းပြီး တည်ငြိမ်မှုရှိတဲ့ အသင်းတစ်သင်းအဖြစ် မြင်တွေ့ရပါတယ်။ ဒါကိုလည်း နှစ်သက်ပါတယ်။

ပြီးတော့ ဒီမှာ ပြင်သစ်ကစားသမားအချို့လည်းရှိနေပါတယ်။ သူတို့က ကျွန်တော်အာဆင်နယ်မှာ အလွယ်တကူအခြေကျဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

ကျွန်တော့်အမြင်မှာတော့ အာဆင်နယ်အသင်းဟာ အင်္ဂလန်မှာ ဘောလုံးကစားပုံ အကောင်းဆုံး အသင်းတစ်သင်းပါပဲ ဒါကြောင့် ဒီကို အမှန်တကယ်လာချင်ခဲ့တာပါ။

မေး - မင်းရဲ့ကစားပုံနဲ့ မင်းဆီကနေ ငါတို့ ဘာတွေမျှော်လင့်နိုင်မလဲဆိုတာ ပြောပြနိုင်မလား။

ဖြေ - ပွဲကစားတဲ့အခါမှာ ကျွန်တော့်ရဲ့အမြန်နှုန်းကို အသုံးချပြီး ကစားရတာ နှစ်သက်သလို အသင်းဖော်တွေနဲ့ချိတ်ဆက်ကစား ရတာကိုနှစ်သက်ပါတယ်။

တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဂိုးသွင်းရတာကို နှစ်သက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဂိုးသွင်းနိုင်ဖို့ ချည်းပဲက အဓိကတော့ မဟုတ်ပါဘူး။ တစ်သင်းလုံး ညီညီညွတ်ညွတ်နဲ့ပွဲကို စိုးမိုးပြီး ကစားနိုင်တာမျိုးကို ကျွန်တော် ကြိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly