နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ချီးကျူးဂုဏ်ပြုခဲ့သူ မအေးချမ်းအောင်

05 July 2017
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ချီးကျူးဂုဏ်ပြုခဲ့သူ မအေးချမ်းအောင်

 မအေးချမ်းအောင်သည် အမြင်အာရုံ လုံးဝ ပျောက်ကွယ်ခဲ့သော်လည်း ဘဝကို အရှုံးမပေးပဲ ကြိုးစားခဲ့သည့်အတွက် ၂၀၀၆ ခုနှစ် အခြေခံပညာ အထက်တန်းကျောင်းကို ဂုဏ်ထူး ၃ ဘာသာဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့်အပြင် မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲ ပထမ ရရှိခဲ့သည်။

  ၂၀၁၀ ခုနှစ်တွင် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်မှ BA(English) ဘွဲ့ ရရှိခဲ့ပြီး ယခုအခါ အင်္ဂလိပ်-မြန်မာ ဘာသာပြန်လုပ်ငန်းကို လုပ်ကိုင်နေသည်။ သူ၏ ကြိုးစားအားထုတ်မှုနှင့် ဘဝရပ် တည်မှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအ တွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်ခြင်းဖြင့် အသိအမှတ် ပြုခဲ့သည်။

   မအေးချမ်းက သူ့ဘ၀ သူ့ကျိုးပမ်းချက်များကို အခုလို စိတ်ရှည်ရှည်နဲ့ ရှင်းပြပါတယ်။

 “ကမ္ဘာပေါ်မှာ သင်မြင်ချင်တဲ့ အပြောင်းအလဲကို သင်ကိုယ်တိုင် အရင်ဖြစ်အောင်လုပ်ပါ။ တခြားလူ ပြောင်းလဲဖို့ မကြိုးစားခင် ကိုယ်မြင်ချင်တဲ့ အပြောင်းအလဲမျိုး ကိုယ်ဖြစ်အောင်လို့ လုပ်ဆောင်ပါဆိုတဲ့ ဆောင်ပုဒ်ကို အကြိုက်ဆုံးပါပဲ။

 မျက်စိကတော့ မွေးရာပါပါ။ ဘယ်ဘက် မျက်စိကကျတော့ နဂို ပါဝါအား ၁၆၀၀ ရှိတဲ့ မျက်မှန် နဲ့ အဲဒါနဲ့ ၅ တန်းလောက်ထိ ပညာသင်ခဲ့တယ်။ ငါးတန်းမှာ ခွဲစိတ်မှုတွေ လုပ်ပြီးတော့ ၆ တန်း ၇ တန်းလောက်ကျတော့ တဖြည်းဖြည်း မမြင်ရတာကနေပြီးတော့ ကိုးတန်းလောက်ကျတော့ လုံးဝကို မမြင်တော့ပါဘူး။

ဘယ်လိုအခက်အခဲရှိလဲဆိုတော့ ဆယ်တန်းစာတွေကလည်း အရမ်းများတော့ Recording လုပ်ပြီး ကျက်ရတာတွေရှိတယ်။ နောက်ပြီးတော့ ကိုက် အကိုတွေ အမတွေနဲ့ ကျက်ရတာတွေရှိ တယ်။ သူများထက် နှစ်ဆ သုံးဆ လိုက်ရတာတွေလည်း ရှိပါတယ်။ မျက်မမြင်စာတွေလည်း မျိုးစုံအောင် ကျက်ပြီးတော့မှ ဖြေခဲ့ရတာရှင့်။ လက်ရေးနဲ့ပဲ ဖြေခဲ့ရတယ်။ ကိုးတန်းတုန်းက ညီမလေး တစ်ယောက်က ရေးပေးတယ်ရှင့်။ အဲဒီနည်းနဲ့ ဖြေခဲ့ရတာပါ။ ဂုဏ်ထူးထွက်လာတာကလည်း ကိုယ်တ ကယ် စိတ်ဝင်စားတဲ့ ဘာသာရပ်တွေဆိုတော့ အတိုင်းမသိ ပျော်ပါတယ်ရှင့်။

 ငယ်ငယ်တုန်းကတော့ သိပ်မသိသာသလိုပဲ သွားလိုက် လာလိုက် ဆော့လိုက်နဲ့ဆိုတော့ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို မမြင်သလို မြင်သလို ဖြစ်လိုက်နဲ့ နောက်ပိုင်း လုံးဝ တော်တော်ဝါး သွားပြီး မမြင်ဖြစ်တဲ့အခါကျတော့ ကိုယ်ဖက်ချင်တဲ့စာတွေ ဖက်မရ မြင်ချင်တာတွေ မြင်မရ အဲမှာ နည်းနည်း စိတ်ညစ်သလို စိတ်ထိခိုက်သလိုတော့ ဖြစ်တယ်။ စိတ်ဓာတ်ကျတာကတော့ အဲတုန်းက ငယ်တုန်းကတော့ သိပ်မသိဘူး။ ဝင်ခွင့်ကျလာပြီး အီးလ် မေဂျာ ကျလာတော့ အဲဒီဝင်ခွင့်နဲ့အတူ သွားအပ်တဲ့အထဲမှာ မျက်မမြင်တစ်ယောက် ဖြစ်နေတယ်ဆိုတာကို သိသွားတော့ မျက်မမြင်ဆိုရင် တော့ မဖြစ်ဘူး လက်ခံလို့ မဖြစ်ဘူးဆိုပြီးတော့ အဲလိုတော့ မလုပ်နဲ့ပေါ့နော် ဒါက ဝင်ခွင့်ကလည်း ကျလာပြီးသားဆိုတော့ တစ်ရက်လောက်တော့ ပြန်လိုက်ပါဦးတဲ့။ အပ်လို့ ရမရကို သူ နောက်ရက် ကျရင် ဖုန်းဆက်ပါမယ်တဲ့။ နောက်ရက်ကျတော့ ဖုန်းပြန်ဆက်လာတယ်။ လာအပ်လို့ရပါပြီတဲ့ သွားအပ်တဲ့အချိန်ကျတော့ တခြားကလေးတွေ အနှောင့်အယှက်မဖြစ်အောင် နေရမယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ မျက်မမြင်ကလေးဆိုတော့ ဆရာမတွေက နားမလည် လည်အောင် စာကို အကြာကြီး ဖြေရှင်းနေရတာမျိုးဆိုတော့ တခြားကလေးတွေအတွက် အချိန်ကုန်တယ်ပေါ့နော်။ အဲလိုမဖြစ်အောင် တခြားကလေးတွေအတွက် အနှောင့်အယှက်မဖြစ်အောင် နေရမယ် အဲလိုမျိုးတွေ တော့ ပြောတယ်ရှင့်။ ဒါပေမယ့် နောက်ပိုင်း အတန်းသူ အတန်းသားတွေနဲ့ အကုန်လုံး အဆင်ပြေပါ တယ်ရှင့်။

  တော်တော်လေးငယ်တုန်းကတော့ အမေတွေ အဒေါ်တွေ ဆရာဝန် ဆရာမပေါ့။ နည်းနည်း ကြီးလာတဲ့ အချိန်ကျတော့ လေယာဉ်မယ်တွေကို ကြည့်ပြီးတော့ သဘောကျခဲ့တယ်။ လေယာဉ်မယ် ဖြစ်ချင်တယ်။ ဒီအချိန်မှာတော့ ဘာသာပြန်ကောင်းတစ်ယောက် ဖြစ်အောင်ပဲ ပိုပြီးတော့ ဖြစ်ချင် တာပေါ့။

  ဘာသာပြန်တာက ၂၀၀၉-၂၀၁၀ ကျောင်းပြီးခါနီး The Best အင်္ဂလိပ်မဂ္ဂဇင်းတွေ ဖက်တော့ အဲဒီမှာက ဘာသာပြန်ပြိုင်ပွဲလေးတွေ လုပ်ပေးတယ်ရှင့်။ အဲဒီမှာ ကျောင်းမပီးခင်ကတော့ ဝင်ပြိုင်ဖြစ် သေးတယ်။ ဒါပေမယ့် တစ်ခါမှတော့ ဆုမရဖူးဘူး။ နောက် အဲဒါကိုပဲ လစဉ် ဖက်ရင်းနဲ့ ဘာသာပြန် ထူးချွန်လူငယ် ရွေးမယ့်အစီအစဉ်တွေ လုပ်ပေးတာရှိတယ်။ နှစ်နှစ်ဆက်တိုက် ပြိုင်ရမယ်ဆိုတော့ ကျောင်းပြီးတာနဲ့ ၂၀၁၁ လောက်ကနေ စပြီးတော့ ၂၀၁၃ လောက်ထိကို လစဉ် တောက်လျှောက် ပြိုင်ဖြစ်တယ်ရှင့်။ အဲဒီမှာ တဖြည်းဖြည်းနဲ့ လက်ရေကလည်း တက်လာတယ်။ နောက် ဆရာတွေဘက် ကလည်း အသိအမှတ်ပြုလာတယ်။ အဲမှာ တတိယဆုကနေ စရတယ်။ ဒုတိယ၊ ပထမ အဲလိုမျိုး နောက်ပိုင်း ၂၀၁၃ ထူးချွန်လူငယ် ရွေးတဲ့အချိန်မှာတော့ ပါသွားတယ်ရှင့်။ အဲဒီကနေစပြီးတော့ ဘာသာပြန်ဘက်ကို နည်းနည်း ပိုအာရုံစိုက်ဖြစ်တာပေါ့။

  စိတ်မကောင်းဖြစ်တာမျိုးတွေ ကြုံတဲ့အခါမျိုးကျရင် ဘာမှတော့ မဖြစ်ဘူးပေါ့။ သူငယ်ချင်း တွေနဲ့ တစ်ခုခု ဖြစ်ပြီဆိုရင် ခနပဲ အခိုက်အတန့်ပဲပေါ့။ များသောအားဖြင့် အမေ့ကို ကြည့်ပြီးတော့ပဲ စိတ်ခွန်အားတွေ ယူဖြစ်ပါတယ်ရှင့်။ ”

 ဒီနေရာမှာ မအေးချမ်းအောင်ရဲ့မိခင်ကလည်း သားသမီးအပေါ်အမြင်ကို အခုလို ရှင်းပြပါသေးတယ်။

“သူ့ကို မျက်စိမမြင်ဖူးလို့တောင် ကိုယ့်စိတ်ထဲမှာ မထားဘူး။ ဒါပေမယ့် ဘေးလူတွေကတော့ မျက်စိမမြင်ဘူးလို့ ထားတာပေါ့နော်။ သူ တောင့်တတာမှန်သမျှ သူလိုတာမှန်သမျှတော့ လုပ်ပေးခဲ့ တာပဲ။ သူများတွေက ဖယ်ထားလို့ သူ ဝမ်းနည်းလို့ ငိုနေတယ်ဆိုရင် အမေက လိုက်ဖြေရှင်းပေး တာမျိုးတို့ပေါ့နော်။ အမေတစ်ယောက်အနေနဲ့ ဘာမျှော်လင့်ချက် ထားလဲဆိုတော့ သူလုပ်ချင်တာကိုပဲ လိုက်လုပ်ပေးတယ်။ ဘယ်လိုခေါ်မလဲ သူ ဘယ်လိုဖြစ်လာမယ် သူ ဘာရလာမယ် သူ့ဆီကတော့ မမျှော်လင့်ဘူး ကိုယ့်ဘက်က ပေးဖို့လောက်ပဲ စိတ်ကူးတယ်။ ကျောင်းတက်တုန်းက ရည်းစားထား တယ်။ ဒါပေမယ့် အမေအနေနဲ့ မစပ်စုဘူး။ အမေ ဒါမကြိုက်ဘူး ပြောထားတယ် သူခိုးလုပ်လည်း မတတ်နိုင်ဘူးလေ။ လိုက်လည်း မစုံစမ်းဘူး မစပ်စုဘူး။ ဒါ မလုပ်သင့်ဘူး ဒီအမျိုးသားက မယူသင့်ဘူး ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့လို ကောင်းတဲ့ မျက်စိကောင်း၊ နားကောင်း ဘာပဲဖြစ်ဖြစ် လုပ်နိုင်ကိုင် နိုင်တဲ့လူတောင်မှ ယောကျ်ားတွေရဲ့ လှည့်စားမှုကို ခံရသေးတယ်လေ။ အဲတော့ သူ့ကို လှည့်စားမှာ ကြောက်တာပေါ့လေ။ အဲတော့ ဘယ်သွားသွား သူ အိမ်က ထွက်သွားတယ် ကိုယ့်မျက်စိအောက် ကနေ ထွက်သွားတယ်ဆိုရင် ရင်က တုန်နေတာ။ စိတ်မချဘူးပေါ့။ သွားဖို့ရှိတယ်ဆိုရင်လည်း အဖော် ထည့်ပေးရတာပေါ့။ ”

Mizzima Weekly