အာသံပြည်နယ်တွင် မိုးသည်းထန်၍ ရေကြီးမှုများဖြစ်ကာ လူ ၁၆ ဦး သေဆုံးပြီး လေးသိန်းနီးပါး ရေဘေးကြံုနေ

အာသံပြည်နယ်တွင် မိုးသည်းထန်၍ ရေကြီးမှုများဖြစ်ကာ လူ ၁၆ ဦး သေဆုံးပြီး လေးသိန်းနီးပါး ရေဘေးကြံုနေ

နယူးဒေလီ၊ ဇူလိုင် ၅ ။        ။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် မိုးသည်းထန်၍ ရေကြီးမှုများ ဖြစ်နေရာ လူ ၁၆ ဦး သေဆုံးပြီး ၃၈၀၀၀၀ ကျော်ထက်မနည်း ရေဘေးကြုံနေရသည်။

နယ်မြေအချို့တွင် စိုးရိမ်ရေမှတ် မြင့်တက်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဒီမာဂျီခရိုင် လက်ခမ်းပူရ်မြို့တွင် ရေကြီးရေလွှမ်းနေဆဲ ဖြစ်သကဲ့သို့ ဗြဟ္မပုတ္တရမြစ်ရှိ မာဂျူရီကျွန်းတွင်လည်း ရေကြီးနေဆဲဖြစ်သည်ဟု EPA သတင်းက ဖော်ပြသည်။

အာဏာပိုင်များက ရေဘေးကြောင့် ပျက်စီးမှုအခြေအနေကို တွက်ချက်လျက်ရှိပြီး ကျန်းမာရေးအကူ၊ ဆေးဝါး၊ အစားအစာနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရန် ပြင်ဆင်လျက်ရှိသည်။

ယခုရေဘေးတွင် ကာဇီရန်ကာအမျိုးသားဥယျာဉ်နှင့် ပိုဘီတိုရာဘေးမဲ့တောတို့လည်း ရေကြီးမှုဘေး ကြုံတွေ့နေကြောင်း သိရသည်။

ပြည်နယ်တွင်းရှိ ခရိုင် ၃၅ ခရိုင်မှ ၁၃ ခရိုင်ရှိ မြို့ပေါင်း ၈၃၄ မြို့တွင် ရေကြီးမှု ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်သည်ဟု အာသံပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှု ရုံးက ဇူလိုင် ၅ ရက်၌ ထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly