7 Julyအထိမ်းအမှတ် ရင်ပြင်နီကဗျာစာအုပ်ကို ပြန်လည်ဂုဏ်ပြု

7 Julyအထိမ်းအမှတ် ရင်ပြင်နီကဗျာစာအုပ်ကို ပြန်လည်ဂုဏ်ပြု

ရန်ကုန် ဇူလိုင် ၅ ။       ။  ခေတ်အဆက်ဆက် လျှို့ဝှက်ဖတ်ရှုခဲ့ရသည့် ရင်ပြင်နီအမည်ရှိ ကဗျာစာအုပ်ကို ရင်ပြင်နီကိုဂုဏ်ပြုခြင်းအမည်ဖြင့် ပြန်လည်ထုတ်ဝေသည့် ကဗျာစာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင်၅ရက်နေ့က Yangon Book Plaza တွင် ပြုလုပ်ခဲ့သည်။

လူငယ်တွေကို လက်ဆင့်ကမ်းချင်တဲ့အတွက် ပြန်လည်ထုတ်ဝေရခြင်းဖြစ်ကြောင်း ဂုဏ်ပြုထုတ်ဝေသူ ဦးအောင်စိုဦးက ပြောသည်။ “လျှို့ဝှက်ပြီးတော့ ဖတ်ခဲ့ရတဲ့ စာအုပ်လေးပါ။ ခုချိန်မှာကတော့ပြန်လည်ပြီးတော့ ရှာလို့တွေ့တဲ့အတွက် မျိုးဆက်သစ်ကျောင်းသားလူငယ်တွေကို ရှေ့ကကျောင်းသားတွေရဲ့ခံစားချက်တွေ ကောင်းမြတ်တဲ့မျိုးစေ့တွေကို ချပေးချင်ပါတယ်။ အဲ့ဒိမျိုးစေ့တွေဟာ ဒီကဗျာတွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ဒီကဗျာတွေနဲ့ ဆရာတို့ဟာ လူငယ်တွေကို မျိုးစေ့ချပေးချင်တာဖြစ်ပါတယ်” ဟု ဦးအောင်စိုဦးက ပြောသည်။

ရင်ပြင်နီကိုဂုဏ်ပြုခြင်း ကဗျာစာအုပ်မိတ်ဆက်ပွဲကို ကဗျာဆရာ၊စာရေးဆရာ၊ကာတွန်းဆရာများနှင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြသည်။ရင်ပြင်နီကို ဂုဏ်ပြုသောအားဖြင့် ကဗျာများ ရွတ်ဆိုခဲ့ကြပြီး ကဗျာဆရာ ကိုအင်းဝက ကျောင်းသားသမဂ္ဂအဆောက်အအုံကြီး ပေါ်ထွန်းလာတော့မည်ဟုကြွေးကြော်ခဲ့သည်။

“ကျွန်တေ်ာထင်ပါတယ်။အဲ့ဒိ့ရင်ပြင်နီကိစ္စကြီးက ဒီနေ့တော့ ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးပြန်ပေါ်လာဖို့ ပြန်လည်ရှင်မြောက်လာမယ့်အချိန်ရောက်ပြီလို့ ကျွန်တေ်ာ ယုံကြည်ပါတယ်” ဟု ကိုအင်းဝကပြောသည်။

ရင်ပြင်နီကို ဂုဏ်ပြုခြင်း ကဗျာစာအုပ်ထဲတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ သွေးစွန်းခဲ့သည့် ကိစ္စရပ်များ ကြေကွဲစရာဖြစ်အင်များကို ရေးဖွဲ့ထားသည့်ကဗျာများ ပါဝင်သည်။ ရင်ပြင်နီကဗျာစာအုပ်မူရင်းကို ရန်ကုန်တက္ကသိုလ် မန္တလေးဆောင် သဟာယနှင့်စာဖတ်အသင်းက ၆လမြောက် အထူးထုတ်အဖြစ်ထုပ်ဝေခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly