ဇူလိုင် ၅ ။ ။တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှသမ္မတ ဗလာဒီမာ ပူတင်တို့ ဇူလိုင်လ ၄ ရက်က မော်စကိုမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီလို တွေ့ဆုံပြီးနောက်မှာတော့ လက်ရှိ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြန်လည်မြင့်တက်လာနေချိန် သက်ဆိုင်ရာနိုင်ငံတွေကို လက်ရှိအခိုက်အတန့်မှာ ထိန်းထိန်းသိမ်းသိမ်း ရှိနေပေးကြဖို့ကို အဓိကတိုက်တွန်းသွားတယ်လို့ သိရပါတယ်။
ယမန်နေ့ကတော့ ပြုံယမ်းအာဏာပိုင်တွေက တိုက်ချင်းပစ်အမျိုးအစားလို့ ဆိုတဲ့ ဒုံးကျည်တစ်စင်းကို ဂျပန်ပင်လယ်ထဲ စမ်းသပ်ပစ်လွှတ်လိုက်တဲ့ကိစ္စကြောင့် ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး ယခုအခါ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တွေကပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်လာနေလျက်ရှိပါတယ်။
ဒါကြောင့်လည်း ခုလို တင်းမာမှုတွေ အရှိန်ပြန်ကောင်းလာနေချိန်မှာလည်း မြောက်ကိုရီးယားတို့ကိုလည်း နျူနဲ့ ပဲ့ထိန်းဒုံး စမ်းသပ်မှုတွေ ထပ်မလုပ်တော့ဘဲ ရပ်ထားဖို့၊ အမေရိကန်ကိုလည်း စစ်ရေးလေ့ကျင့်မှုတွေ မလုပ်ပဲထားဖို့ ရုရှနဲ့ တရုတ်တို့က တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
တရုတ်နဲ့ ရုရှ ခေါင်းဆောင်ကြီးတွေ မော်စကိုမှာ တွေ့ဆုံခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ယခုလို သက်ဆိုင်ရာနိုင်ငံတွေကို ထိန်းထိန်းသိမ်းသိမ်းရှိနေပေးရေး တောင်းဆိုတဲ့ ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်လာတာပဲဖြစ်ပါတယ်။
အလားတူ တရုတ်နဲ့ ရုရှတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာလဲ ပြုံယမ်းအစိုးရရဲ့ နောက်ဆုံးသောဒုံးစမ်းသပ်မှုအပေါ် ပြစ်တင်သွားခဲ့ပြီး ယင်းဟာ လက်မခံနိုင်စရာ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ဖော်ပြထားတယ်လို့ သိရပါတယ်။