YUPT ကုမ္ပဏီပိုင် YBS ယာဉ်လိုင်းပေါင်း ၂၁ လိုင်းတို့တွင် ကားအသစ် အစီးရေ ၅၀၀ အစားထိုးမည်

YUPT ကုမ္ပဏီပိုင် YBS ယာဉ်လိုင်းပေါင်း ၂၁ လိုင်းတို့တွင် ကားအသစ် အစီးရေ ၅၀၀ အစားထိုးမည်
ဓာတ်ပုံ - မျိုးပြည့်သင်း
 

ရန်ကုန်၊ ဇူလိုင်လ ၅ ။            ။ ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီ (YUPT) ပိုင် YBS ယာဉ်လိုင်း ၂၁ လိုင်းတွင် လာမည်အပတ်မှစတင်၍ ကားသစ် အစီး ၅၀၀ ဖြင့် အစားထိုးတော့မည်ဟု သိရသည်။ 

ကားအသစ်စီးရေ ၅ဝဝ ဖြင့် အစားထိုးပြေးဆွဲနိုင်ရန် ရန်ကုန်ပြည်သူ့ဥယျာဉ်တွင် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း YUPTကုမ္ပဏီ(ယခင် မထသပိုင်) မှ အမှုဆောင်အရာ ရှိချုပ် ဦးမောင်မောင်လွင်က မဇ္ဈိမသို့ ပြောသည်။

“ အစိုးရက ဒီတစ်ပတ်အတွင်းမှာ ပြေးဆွဲမယ်ပြောထားပေမယ့် လောလောဆယ် ကျွန်တော်တို့မှာ ကားမှာ ကပ်တဲ့ ယာဉ်လိုင်းနံပါတ်တွေ ခွဲရသေးတယ်။ ယာဉ်လိုင်းအတွင်းမှာ ကပ်ရမယ့် စာသားတွေ၊ ယာဉ်လိုင်း ကြောင်း တွေကအစ စီစီတီဗီကင်မရာ၊ ယာဉ်စီးခ ထည့်ဖို့ Cash Box နဲ့ GPS တွေကို မနေ့ကမှစပြီး ပြည်သူ့ ဥယျာဉ်မှာ တပ်ဆင်နေတာပါ။ ခုမှ အစီး ၈ဝ လောက်ပဲ ပြီးပါသေးတယ်။ မိုးကလည်းရွာတော့ ကပ်ရခက် တာပေါ့။ အစီး ၅ဝဝ ဆိုတော့ ဒီတစ်ပတ် ပြီးဖို့မလွယ်ဘူး။ နောက်တစ်ပတ်ဆိုတော့ တစ်ရာရာခိုင်နှုန်း စပြီး ပြေးဆွဲနိုင်ပါပြီ ”ဟု ဦးမောင်မောင်လွင်က ပြောသည်။

လက်ရှိတွင် YUPT (ရန်ကုန်မြို့ ပြအများပြည်သူသယ်ယူပို့ဆောင်ရေး )ကုမ္ပဏီမှ ယာဉ်လိုင်းနံပါတ် ၆၅၊ ၅၈ ၊ ၃၆ ၊ ၂၈၊ ၂၄ စသည့်ယာဉ်လိုင်းများအပါအဝင် ယာဉ်လိုင်းပေါင်း ၂၁ လိုင်းအားပြေးဆွဲနေခြင်းဖြစ်ပြီး ယခင် မ.ထ.သ မှ အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ဘတ်စ်ကားသစ် အစီးရေ ၁,ဝဝဝ ကို ယာဉ်လိုင်းကုမ္ပဏီများဖြစ်သည့် YBPC နှင့် YUPT ကုမ္ပဏီတို့အား ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ဇူလိုင်လ ၄ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး YUPT ကုမ္ပဏီမှ ကားအသစ်အစီး ၅ဝဝ ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ YUPT ကုမ္ပဏီမှ ရရှိခဲ့သော ကားအသစ်စီးရေ ၅ဝဝ ကို ယင်းကုမ္ပဏီလက်အောက်ရှိ ယာဉ်လိုင်းပေါင်း ၂၁ လိုင်းရှိ ၁၉၉၅ ခုနှစ်မော်ဒယ်အောက် ကားများတွင် လာမည့် အပတ်အတွင်း အစားထိုးပြေးဆွဲသွားမည်ဖြစ် သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags