သူရဦးတင်ဦး ဆေးရုံဆင်းမည့်အချိန်အား ဆရာဝန်များစုံလျှင် ဆုံးဖြတ်ပေးသွားမည်

သူရဦးတင်ဦး ဆေးရုံဆင်းမည့်အချိန်အား ဆရာဝန်များစုံလျှင် ဆုံးဖြတ်ပေးသွားမည်

ရန်ကုန်၊ ဇူလိုင် ၅ ။                   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နာယကသူရဦးတင်ဦးအား စောင့်ကြပ်ကုသပေးနေသည့် ဆရာဝန်များအားလုံးမစုံသေးသဖြင့် ဆရာဝန်များစုံလင်သည့် အချိန်တွင် ဆေးရုံမှ ဆင်းသင့်၊ မသင့်အား ဆုံးဖြတ်ပေးသွားမည်ဟု ယနေ့ ဇူလိုင် ၅ရက်နေ့၌ ရန်ကုန်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကိုက မဇ္ဈိမသို့ ပြောသည်။

ယခင်က ဇွန်လကုန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံမှ ဆင်းနိုင်မည်ဟု ခန့်မှန်းထားသည်။

"အခုလောလောဆယ်တော့ မဆင်းဖြစ်သေးဘူး။ ကျွန်တော်တို့ ဆရာဝန်ကြီးတွေလူမစုံသေးလို့ ဆရာဝန် ၁၅ ဦး ထဲက တချို့နိုင်ငံခြားခရီးစဉ်သွားနေလို့ ပြန်လာမှ အခြေအနေသိမှာ"ဟု   ဆေးရုံအုပ်ကြီးက ပြောသည်။

အကြောင်းမှာ သူရဦးတင်ဦး၏ မိသားစုဝင်များနှင့် လူနာစောင့်များကို ပြုစုနည်းများသင်ပေးလျက်ရှိပြီး အဆင်သင့်မဖြစ်ဘဲ ဆေးရုံမှဆင်းလျှင် အိမ်ရောက်မှ လူနာအခက်တွေ့မည်စိုးကြောင်း သူက ဆက်ပြောသည်။

လက်ရှိတွင် သူရဦးတင်ဦးသည် ကိုယ်တိုင် အစာ စားနိုင်ပြီဖြစ်ပြီး ထမင်းအပျော့၊ အစာပျော့များ ဝါးနိုင်သည့် အခြေအနေသို့ တိုးတက်နေပြီဖြစ်သည်။

"အခု နှာခေါင်းပိုက်တွေ၊ ဘာတွေဖြုတ်ပြီး မျိုနိုင်တယ်၊ ဝါးနိုင်တယ်။ နောက် ညာဘက်လက်နဲ့ ခြေထောက်ပေါ့။ သိပ်လှုပ်ရှားမှု စိတ်တိုင်းမကျသေးတာ တစ်ခု ရှိတယ် ။ နောက် စကားပြောတစ်ချို့ဟာတွေ တစ်ချို့စကားလုံးတွေပီတယ် ။ တစ်ချို့ဟာတေ ွမပီဘူး"ဟု ဆေးရုံအုပ်ကြီးဒေါက်တာဦးအေးကိုကိုက ဆိုသည်။

လူကောင်းအတိုင်း ၁၀၀ရာခိုင်နှုန်းပြန်လည်ကောင်းမွန်လာရန်အတွက် ရောဂါသဘာဝနှင့် အသက်အရွယ်တို့ကြောင့် အချိန်ယူရဦးမည်ဖြစ်ကြောင်း သိရသည်။

သူရဦးတင်ဦးသည် မေလ ၁၇ ရက်၊ ည ၁၁ နာရီတွင် နေအိမ်ရှိ ရေချိုးခန်းတွင်သတိလစ်ပြီး ရန်ကုန်ဆေးရုံကြီးတွင် ဦးနှောက်နှင့်အာရုံကြောဌာန၊ အထူးကြပ်မတ်ကုသဌာန နှင့် နှလုံးရောဂါကုဌာနတို့ကို   ရွေးပြောင်းကုသခဲ့ရသည်။ NLD နာယက သူရဦးတင်ဦး ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည်မှာ ယနေ့ ဇူလိုင်၅ရက်အထိ ၄၉ ရက် ရှိပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly