နေပြည်တော်တွင် KTV နှင့် အနှိပ်ခန်းအား ၀င်ရောက်ဖမ်းဆီး

နေပြည်တော်တွင် KTV နှင့် အနှိပ်ခန်းအား ၀င်ရောက်ဖမ်းဆီး

နေပြည်တော်၊ ဇူလိုင်၄ ။              ။ နေပြည်တော်ကောင်စီနယ်မြေ ၊ ဥတ္တရသီရိမြို့နယ် ဟိုတယ်ဇုန် (၂)ရှိ ကျောက်စိမ်းမြို့တော်ဟိုတယ် (Jade City) တွင် လိုင်စင်မဲ့ KTV နှင့် တရားမဝင် အနှိပ်ခန်း ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု သိရပြီး  မန်နေဂျာ နှင့် ဝင်ရောက်လုပ်ကိုင်သူ အမျိုးသမီး ၁၅ ဦး  ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

တရားမဝင် အနှိပ်ခန်း၊ ကာရာအိုကေနှင့် လိုင်စင်မဲ့ ယစ်မျိုး ၊ အရက်ဘီယာ ရောင်းချနေသည်ဟု သတင်းရရှိသောကြောင့် ရှာဖွေဖမ်းဆီးရာမှ မန်နေဂျာ နှင့် ဝင်ရောက်လုပ်ကိုင်သူ အမျိုးသမီး ၁၅ ဦး အပါအဝင် လိုင်စင်မဲ့ယစ်မျိုး၊ အရက်ဘီယာများ၊ အနှိပ်ခန်းတွင် အသုံးပြုသော ပစ္စည်းများ ၊ KTV တွင် အသုံးပြုသော ပစ္စည်းများ ရှာဖွေရရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ရောင်းချနေသည်ဟု သတင်းအရ ဇူလိုင်လ (၃)ရက်နေ့ ည ၁၁ခွဲ အချိန်ခန့်က ဥတ္တသီရိ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေဖမ်းဆီးရာမှ ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ထိုသို့ ဝင်ရောက်ဖမ်းဆီးမှုဖြစ်စဉ်နှင့်ပတ်သတ်ပြီး ဝင်ရောက်ဖမ်းဆီးသည်မှာ မှန်ကန်ကြောင်း အမှုစစ်တပ်ကြပ်တစ်ဦးမှ ဆိုသည်။ “ဟုတ်ကဲ့ မှန်တယ် မှန်တယ်ခင်ဗျ၊ ည ၁၁ ခွဲက ဖမ်းတာခင်ဗျ” ဟု ၎င်း ရဲတပ်ကြပ်က ပြောသည်။

အဆိုပါ ဖမ်းဆီးရမိမှု ဖြစ်စဉ်ကြောင့် ယခုလက်ရှိတွင် ဖမ်းဆီးရမိထားသော မန်နေဂျာ ဦးထွန်းထွန်းဦး နှင့် အမျိုးသမီး ၁၅ ဦးအား ရာဇသတ်ကြီးပုဒ်မ (၁၈၈) ဖြင့် အရေးယူထားပြီး၊ လိုင်စင်မဲ့ ယစ်မျိုး အရက်ဘီယာများကို မမစ(ဘုရားကုန်း)(ပ)၃၁၉/၂၀၁၇ ယစ်မျိုး အက်ဥပဒေပုဒ်မ ၃၀(ခ)ဖြင့် ဖမ်းဆီး အရေးယူထားသည်။

ထို့အတူ KTV ဗွီဒီယို ပြုလုပ်ရာတွင် အသုံးပြုသောပစ္စည်းများကို မမစ(ဘုရားကုန်း)(ပ)၃၂၀/၂၀၁၇ ရုပ်မြင်သံကြား နှင့် ဗွီဒီယို ဥပဒေ ၃၂(က) နှင့် အရေးယူထားကြောင်း ဖော်ပြပါရှိပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly