အစိုးရကို ဝေဖန်ထောက်ပြပြောဆိုခဲ့သည့် NLD အမတ် နှုတ်ဖြင့် ထုချေဖြေရှင်းခဲ့ရ

အစိုးရကို ဝေဖန်ထောက်ပြပြောဆိုခဲ့သည့် NLD အမတ် နှုတ်ဖြင့် ထုချေဖြေရှင်းခဲ့ရ

ရန်ကုန် ၊ ဇူလိုင် ၄ ။             ။ ပြည်ထောင်စုအစိုးရအဖွဲ့ နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို မီဒီယာမှတဆင့် ဝေဖန်ထောက်ပြ ပြောဆိုလေ့ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျသည် ဇူလိုင် ၃ရက်က တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌထံတွင် နှုတ်ဖြင့် ထုချေဖြေရှင်းခဲ့ရသည်ဟု သိရသည်။

"ထိန်းထိန်းသိမ်းသိမ်းပြောဖို့ပေါ့၊ နောက်ပြောလို့ရှိရင် မီဒီယာတွေမှာရော လူမှုကွန်ယက်စာမျက်နှာမှာ တင်တာရော ထိန်းထိန်းသိမ်းသိမ်းရေးပါ ပြောပါဆိုပြီး ကျွန်တော်ကို နှုတ်နဲ့ပြောတာပါ" ဟုဦးကျော်ဇေယျက ဆိုသည်။

အဆိုပါ ထုချေလွှာတင်ပြီး ဖြေရှင်းရန် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ဦးကျော်ဇေယျ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က RFA သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုတွင် နိုင်ငံစီးပွားရေး နှေးကွေးခြင်း လွှတ်တော်က အစိုးရအား ထိန်းကျောင်းနိုင်မှု အားနည်းခြင်း စသည့် အချက်တွေအား ဦးကျော်ဇေယျက ပြောဆိုခဲ့ခြင်းကြောင့် ထုချေလွှာ တင်ခဲ့ရခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များအနေဖြင့် အစိုးရနှင့်ပါတီကို ဝေဖန်ပြောဆိုရာတွင် အချက်အလက်မှားယွင်းပြီး ပြောဆိုခဲ့ပါက အရေးယူမည် ဖြစ်သည်ဟု ဇွန်လ နောက်ဆုံးပတ်က ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမ ဗဟိုကော်မတီ သတ္တမအကြိမ် ပုံမှန်အစည်းအဝေး ပြီးဆုံးချိန်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဝင်းထိန်က ပြောဆိုထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly