လက်ဆည်ကန် ဆက်လက်ရေကျော်ပါက တံတိုင်းတစ်ခုလုံး ပြိုပျက်နိုင်ခြေရှိ

လက်ဆည်ကန် ဆက်လက်ရေကျော်ပါက တံတိုင်းတစ်ခုလုံး ပြိုပျက်နိုင်ခြေရှိ

မြောက်ဦးမြို့ရှိ ရှေးဟောင်းအမွေအနှစ် တစ်ခုဖြစ်သည့် လက်ဆည်ကန်ကျုံးမှာ ရေပမာဏမြင့်တက်လာသည့်အတွက် တံတိုင်းရေကျော်မှုများ ဖြစ်ပေါ်လျှက်ရှိရာ ယာယီထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ထားသော်လည်း ဆက်လက် ရေကျော်မှုဖြစ်ပွားပါက တံတိုင်းတစ်ခုလုံး ပြိုပျက်သွားနိုင်ကြောင်း ရှေးဟောင်းသုတေသနဌာန ညွှန်ကြာရေးမှူး ဦးညိမ်းလွင်က ပြောသည်။ 

အဆိုပါ တံတိုင်းရေကျော်မှုမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်လောက်ကစတင် ကြုံတွေ့လာခဲ့ရခြင်းဖြစ်ပြီး ယခုကဲ့သို့ ရေမျက်နှာပြင်မြင့်တက်ပြီး တံတိုင်းရေတံခါးပေါက်ကို ကျော်တက်နေရခြင်းမှာ ယင်းကန်မှပိုလျှံရေများ ထွက်သွားနိုင်သည့် ရေနှုတ်မြောင်းကို ပိတ်ထားခြင်းကြောင့် ဖြစ်ကြောင်း ညွှန်မှူးကပြောသည်။ 

“လက်ဆည်ကန်ရေကျော်ရတဲ့ အကြောင်းရင်းက သုံးပိုင်းရှိနေပါတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက် ကနေ ဖြစ်နေတာပါ။ ကန့်ရဲ့ရေနှုတ်မြောင်းကို ပိတ်ဆို့ထားတဲ့အတွက် အခုလိုတံတိုင်းကနေ ရေကျော်တက်လာတာ ဖြစ်ပါတယ်။ အဲဒီနေရာကို ဘယ်သူကပိတ်ထားသလဲ ဘာကြောင့် ပိတ်တာလဲဆိုတာကိုတော့ ကျွန်တော်တို့မသိဘူး။ အုတ်တံတိုင်း လုပ်ပြီး အခိုင်အမာပိတ်ထားတာ ဖြစ်ပါတယ်။ အဓိကသက်ဆိုင်တာကတော့ မြို့ရေပေးဝေးနဲ့ အများကြီးသက်ဆိုင်နေ ပါတယ်။”ဟု သူကဆိုသည်။ 

ယင်းကန်မှရေကို မြို့ရေရရှိရေးအတွက် ယခင်ကတည်းက အသုံးပြုနေခြင်းဖြစ်ကာ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် စီမံကိန်းသစ်များချမှတ် လုပ်ဆောင်ခဲ့ပြီး လိုအပ်သည့်ရေပမာဏကို သိုလှောင်နိုင်ရန်အတွက် တာဝန်ယူဆောက်လုပ်ခဲ့သည့် ကုမ္ပဏီတစ်ခုက ယခုကဲ့သို့ ကန်၏ရေနှုတ်မြောင်းအား အခိုင်အမာ ပိတ်ဆို့ထားခြင်း ဖြစ်သည်။  

“အဲဒီရေနှုတ်မြောင်းကို အခုလိုပိတ်လိုက်တော့ ပိုလျှံတဲ့ရေတွေက သူ့အလိုလိုထွက်ဖို့မရတော့ဘူး။ ဒါကြောင့် တံတိုင်း ပေါက်ကနေ ကျော်ထွက်ပြီး လူနေရပ်ကွက်တွေဆီ စီးဝင်နေတာဖြစ်ပါတယ်။ ပြီးတော့ ဘယ်သူပိတ်ထားလဲ ဆိုတာကို မသိဘဲနဲ့ ကျွန်တော်သွားဖြိုလို့မရပါဘူး။ အဲလိုလုပ်လိုက်ရင် ကျွန်တော်ဆီကို အမှုပတ်လာနိုင်ပါတယ်။ အစည်းအဝေး ဆုံးပြတ်ချက်တွေနဲ့ပဲ လုပ်ရမှာဖြစ်ပါတယ်။”ဟု ဆက်လက်ပြောကြားခဲ့သည်။ 

မြောက်ဦးတွင် သဘာဝရေကန်များအား လျိုပိတ်ကာ ရေသိုလှောင်ထားသည့် ရှေးဟောင်းကျုံးများစွာရှိသည့်အနက် လက်ဆည်ကန်မှာ တစ်ခုအပါအဝင်ဖြစ်ကာ ယင်းကန်မှာ မြောက်ဦးခေတ်တွင် တည်ထားခဲ့သည့် ကျုံးတစ်ကျုံးဖြစ် သည့်အပြင် စိုက်ပျိုးရေး၊ စစ်ရေး၊ အသက်ရှင် နေထိုင်ရေးတို့တွင် အသုံးပြုခဲ့သည့် ရေချိုကန်ကြီးတစ်ခုလည်း ဖြစ်သည်။ 

“ကန်ရေကျော်နေတဲ့အတွက် အန္တရယ်ရှိနိုင်တာကြောင့် အဲဒီကန်ရေကျော်တဲ့ တံကားပေါက်ကို မနေ့က သဲအိပ်တွေနဲ့ တားဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ ရဲတပ်ရင်းက အင်အား ၇၀ လောက်နဲ့ ဌာနက ၆၀ လောက်စုပေါင်းပြီး တားဆီးမှုတွေ ပြုလုပ်ထားပါတယ်။ 

ဆက်ပြီးရေကျော်လာရင်တော့ တံတိုင်းတစ်ခုလုံးပြိုပျက်သွားနိုင်ပါတယ်။”ဟု ရှေး/သုညွှန်ကြား ရေးမှူး ဦးညိမ်းလွင်ကပြောသည်။ 

ယင်းအပြင် စီမံကိန်းများဆောင်ရွက်ရာတွင် သုတေသနပြုမှုအလွန်အားနည်းပြီး ချမှတ်ထားသည့်စီမံကိန်းများအား ပြီးမြောက်စေရန်တစ်ခုတည်းကိုသာ အဓိကထားလုပ်ဆောင်နေသည့်အတွက်ကြောင့် ယခုကဲ့သို့ ပြဿနာများနှင့် ရင်ဆိုင်ရေခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly