ကသည်း သူပုန်များကို ရှင်းလင်းရန် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြမည်

ကသည်း သူပုန်များကို ရှင်းလင်းရန် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြမည်
စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်က သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း ခိုအောင်းလှုပ်ရှားနေသော ကသည်း သူပုန်များအား ရှင်းလင်းဖယ်ရှားပေးရန် နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ထံ တင်ပြသွားမည်ဟု စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ်က ပြောသည်။

“ဒီ(နေပြည်တော်)ကနေ ပြန်သွားတာနဲ့ ပြည်သူတွေရဲ့ လက်မှတ်ကို ယူမယ်။ ပြီးရင် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို ဒီဟာ(ကသည်း)တွေကို ဖယ်ရှားပေးဖို့ တင်ပြမယ်” ဟု ဇူလိုင် ၃ရက်၊ အစည်းအဝေးအပြီးတွင် ဦးမောင်မောင်လတ်က ပြောသည်။

တမူးမြို့နယ်အတွင်း လှုပ်ရှားနေသော အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ခွဲထွက်ရေး ကသည်း သူပုန်များ၏ လက်နက်ကိုင် လှုပ်ရှားမှုများ၊ နန်းဖာလုံဈေးတွင် ဆက်ကြေး ကောက်ခံမှုများနှင့် ၎င်းတို့နှင့်ဆက်စပ်သည့် ဖမ်းဆီးသတ်ဖြတ်မှုများ၊ ပေါက်ကွဲမှုများကြောင့် ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် ၎င်းတို့အား ဖယ်ရှားရှင်းလင်းပေးရန် ယနေ့ လွှတ်တော်အစည်းအဝေးတွင် ဦးမောင်မောင်လတ်က မေးမြန်းခဲ့သည်။

“ကသည်း သူပုန်တွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ ပေါက်ကွဲမှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ ဘဝလုံခြုံရေး အစိုးရက ဆောင်ရွက်မပေးနိုင်ဘူးလို့ ပြည်သူတွေ ခံစားနေရပါတယ်။ ကျွန်တော်တို့ တမူးဒေသခံ ပြည်သူတွေရဲ့ အသက်ကို ဖက်နဲ့ ထုတ်ထားရတော့မှာလား” ဟု ကသည်း သူပုန်များကြောင့် တမူးဒေသတွင် လုံခြုံမှုမရှိကြောင်း ဦးမောင်မောင်လတ်က လွှတ်တော်တွင် ပြောဆိုသည်။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးတာဝန်များ ရှိသည်မှာ မှန်သော်လည်း (၁၀၁၆)မိုင် ရှည်လျားသည့် နယ်စပ်တစ်လျှောက် လုံခြုံရေးဆောင်ရွက်ရသောကြောင့် မြို့၊ ရွာ လုံခြုံရေးထိခိုက်စေမည့် သတင်းအချက်အလက်များ ရရှိပါက ဒေသခံပြည်သူများမှ အချိန်မီ သတင်းပေးရန်လိုအပ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က လွှတ်တော်တွင် လာရောက်ဖြေကြားခဲ့သည်။

“တပ်မတော်ကလည်း သိနေရဲ့သားနဲ့ ပြည်သူတွေ သတင်းပေးမှ လုပ်မယ်ဆိုတာဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို တပ်မတော်က၊ ပြည်သူ့ရဲတပ်ဖွဲ့က၊ အုပ်ချုပ်ရေးအဖွဲ့ကနေ အကာအကွယ်ပေးဖို့ ပျက်ကွက်နေတယ်လို့ ယူဆပါတယ်” ဟု ကာကွယ်ရေးဒုဝန်ကြီး၏ ဖြေကြားမှုအပေါ် ဦးမောင်မောင်လတ်က ဝေဖန်သည်။

ထို့ပြင် လွန်ခဲ့သည့် ၃လခန့်က အသီးသီး တာဝန်ပြောင်းရွှေ့သွားသည့် တမူးခရိုင်အုပ်ချုပ်ရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူးတို့ထံ အကြောင်းကြားခဲ့သော်လည်း အရေးယူဆောင်ရွက်မှု မရှိဘဲ “ဒီဟာနဲ့ပတ်သက်ပြီး သူတို့မှာ လုပ်ဆောင်နိုင်စွမ်း မရှိဘူးလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

တမူးမြို့နှင့် တမိုင်ခန့်ဝေးသည့် ဟဲဆင်းကျေးရွာရှိ နေအိမ် ၁၂လုံးတွင် ကသည်း သူပုန် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၇၀ခန့် နေထိုင်နေသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ယနေ့နံနက်ပိုင်းတွင် သူပြုစုထားသည့် စာရင်းအတိအကျ တင်ပြလာ၍ သတင်းအတိအကျရထားကြောင်းလည်း ဦးမောင်မောင်လတ်က လွှတ်တော်တွင် ပြောသည်။

“ကိုယ်စားလှယ်ကြီး မေးခွန်းမှာပါတဲ့ သတင်းအတိအကျရရှိတာနဲ့ ပတ်သက်ပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ဆောင်လို့ရတဲ့အပိုင်းတွေကို လုပ်ဆောင်ပါ။ လုပ်ဆောင်လို့မရတဲ့ အပိုင်းမှာ တပ်မတော်ဟာ အမြဲတမ်း ကူညီ၊ ဆောင်ရွက်ပေးပါတယ်” ဟု ဗိုလ်ချုပ် မြင့်နွယ်က ဖြေကြားသည်။

အိန္ဒိယနိုင်ငံ မဏိပူရနှင့် မြန်မာနယ်စပ် တမူးခရိုင်တို့တွင် နယ်မြေထိစပ်မှု အများစုသည် တောင်တန်းနှင့် တောတောင်ထူထပ်စွာ ပေါက်ရောက်ခြင်း၊ လူနေကျဲပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကို အခွင့်ကောင်းယူပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများက နယ်မြေချဲ့ထွင် စိုးမိုးမှုအပေါ် တပ်မတော်အနေဖြင့် စစ်ဆင်ရေး၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဗိုလ်ချုပ်မြင့်နွယ်က ဖြေကြားသည်။

သို့သော် “ထိုသို့သော ဒေသများမှာ ရန်သူနဲ့ ပြည်သူခွဲခြားပြီး နှစ်နိုင်ငံ အောက်ခြေအဆင့် ပူးပေါင်းဆောင်ရွက်ပြီးတော့ သတင်းဖလှယ်ခြင်းမှအပ အခြား မည်သို့မျှ လုပ်ဆောင်၍မရသော ဒေသလည်း ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မြင့်နွယ်က ဆိုသည်။

အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ တပ်မတော်များအနေဖြင့် နယ်စပ်ကော်မတီအစည်းအဝေးကို ၆လတစ်ကြိမ် ကျင်းပရာ ယခုနှစ် မေလ ၈ရက်၊ ၁၁ရက်တို့တွင် ကလေးမြို့နှင့် မုံရွာမြို့တွင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှုများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ သောင်းကျန်းမည့်သူများ လျော့နည်းပပျောက်စေရေးနှင့် နယ်စပ်ဒေသလုံခြုံရေး၊ ဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly