တပ်မတော်လေယာဉ်ပျက်ကျသည့်ကိစ္စ မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးမည်ဟု တပ်ချုပ် ကတိပေး

တပ်မတော်လေယာဉ်ပျက်ကျသည့်ကိစ္စ မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးမည်ဟု တပ်ချုပ် ကတိပေး
(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇူလိုင် ၃ ။               ။ တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y-8 (၅၈၂၀) ပျက်ကျမှု နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအား မှန်မှန်ကန်ကန် ဆောင်ရွက်ပြီး အမှန်အတိုင်း သတင်းထုတ်ပြန်ပေးမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေး ပြောဆိုလိုက်သည်။

ယနေ့ နံနက် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် Y-8 လေယာဉ်ပျက်ကျမှု နှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုအခြေအနေ ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ယခုဖြစ်စဉ်သည် နိုင်ငံတော်နှင့် တပ်မတော်အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း၊ အချိန်ကာလတိုအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမှာ အားလုံး၏ တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း" တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန်လ ၇ရက်က တနင်္သာရီတိုင်း မြိတ်မှ ရန်ကုန်သို့ ပျံသန်းလာစဉ် ထားဝယ်ကမ်းရိုးတန်း ပင်လယ်ပြင်တွင် ပျက်ကျခဲ့သည့် တပ်မတော်ပိုင် Y-8 (၅၈၂၀)ပေါ်တွင် တပ်မတော် အရာရှိ စစ်သည် မိသားစုဝင်များနှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၂၂ ဦး ပါဝင်ခဲ့ကာ အသက်ရှင်ကျန်ရစ်သူ မရှိခဲ့ပေ။

လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ Black Box အပါအဝင် လေယာဉ်အစိတ်အပိုင်းများစွာကို ဆယ်ယူရရှိထားပြီး ဖြစ်ကြောင်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ထားသော်လည်း   လေယာဉ်ပျက်ကျသည့် အဓိက အကြောင်းရင်းကို ထုတ်ပြန်ကြေညာနိုင်သေးခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly