လေးလောင်းပြိုင်လူသတ်မှုမှ ဓာတ်ပုံပါ လူသုံးဦးအား အမြန်ဆုံးဖမ်းဆီးပေးရန် မိသားစုဝင်များ တောင်းဆို

လေးလောင်းပြိုင်လူသတ်မှုမှ ဓာတ်ပုံပါ လူသုံးဦးအား အမြန်ဆုံးဖမ်းဆီးပေးရန် မိသားစုဝင်များ တောင်းဆို
Photo - Yangon Police

ရန်ကုန်၊ ဇူလိုင်လ ၃ ။              ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းအပိုင်တွင် ပြီးခဲ့သည့် တစ်နှစ်ခန့်က ဖြစ်ပွားခဲ့သော လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်ပြီး အခင်းမဖြစ်ပွားမီ နေအိမ်အနီးလာရောက်ခဲ့သော ဓာတ်ပုံပါ လူသုံးဦးအား ရဲတပ်ဖွဲ့မှ အမြန်ဆုံးစုံစမ်းဖမ်းဆီးပေးရန် မိသားစုဝင်များက ယနေ့ တောင်းဆိုလိုက်သည်။

 ကျန်ရစ်သူမိသားစုဝင်များက ဇူလိုင်လ ၃ ရက်နေ့တွင် အခင်းဖြစ်ပွားခဲ့ရာ နေအိမ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဓာတ်ပုံပါ လူသုံးဦး အား အမြန်ဆုံး စုံစမ်းဖမ်းဆီးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ သမီးက အရက်သောက်တယ် ဆိုတာကလည်းမဖြစ်နိုင်ဘူး။ သူမှ မသောက်တာလေ။ နောက်တစ်ချက်က စိုးနောင်က ဘယ်သန်လား၊ ညာသန်လားဆိုတော့ စိုးနောင်က ဘယ်သန် မဟုတ်ဘူး ညာသန်။ သူ့သားသမီးကို သူပြန်သတ်တယ်ဆိုတာကလည်း မဖြစ်နိုင်ဘူး။ လူတစ်ယောက်က ကိုယ့်ဘာသာ ဓားလေးချက် ထိုးတယ်ဆိုတာ မဖြစ်နိုင်ဘူး။ တစ်ချက်ပဲ ထိုးကြည့်ဦးလေ။ သူမှာ စိတ်ရောဂါလည်း မရှိဘူး။ အကြွေးကိစ္စလေးနဲ့ သတ်စရာ လည်း အကြောင်းမရှိဘူး။ ဒါက အများနဲ့ သတ်သွားလို့သာ အကုန်လုံးသေတာ။ ဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ လွတ်မြောက်နေတဲ့ ဓာတ်ပုံထဲက လူသုံးဦးကို အမြန်ဆုံး စုံစမ်းဖမ်းဆီးစေချင်လို့ တောင်းဆိုတဲ့အနေနဲ့ ဒီသတင်းစာရှင်းလင်းပွဲကို လုပ်တာပါ။ ကျန်တာကတော့ ဘာမှမတောင်းဆိုချင်တော့ပါဘူး”ဟု သေဆုံးသူ မချယ်ရီပွင့်၏ မိခင် ဒေါ် ရီရီနွဲ့ မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဓာတ်ပုံပါ လူသုံးဦးအနက် နှစ်ဦးမှာ အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အနီးသို့ အခင်းမဖြစ်ပွားမီ ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ မချယ်ရီပွင့်၏ မိခင်ဒေါ်ရီရီနွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဒုတိယအကြိမ် လူသုံးဦးစလုံး လာရောက်ချိန်တွင် သေဆုံးသူ မချယ်ရီပွင့်က ဖုန်းကင်မရာ ဖြင့်ဓာတ်ပုံရိုက်ကူးခဲ့ခြင်းဖြစ်သည်။

လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားပြီးနောက် ၁ဝ ရက်ခန့်အကြာတွင် သေဆုံးသူ မချယ်ရီပွင့် ဖုန်းကင်မရာဖြင့် ရိုက်ကူးထားသော ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ လူသုံးဦး ဓာတ်ပုံကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး ယင်းသုံးဦးကို တွေ့ရှိပါက အကြောင်းကြားရန် လူထုသို့ အကူအညီတောင်းခံထားခဲ့ခြင်းဖြစ်သည်။

“ ညီမတို့အနေနဲ့တော့ ကိုစိုးနောင်ဟာ ဒီလိုမျိုးလုပ်ခဲ့တယ်ဆိုတာ မယုံနိုင်ဘူးလေ။ ဒီလောက်ချစ်တဲ့ ကိုယ့်သား သမီးကို ဒီလိုမျိုးသတ်တယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ ကိုစိုးနောင်ရဲ့   ဘယ်လိုမှ လက်ခံ နိုင်မှာမဟုတ်ဘူး။ သေတဲ့သူကို အပြစ်ပုံချသလိုဖြစ်နေတယ်။ မိသားစုလည်းသိက္ခာကျတာပဲလေ။ တကယ်လို့ ရဲတပ်ဖွဲ့အနေနဲ့ ဓာတ်ပုံထဲမှာပါတဲ့ လူသုံးဦးထဲက တစ်ယောက်ယောက် မိမယ်ဆိုရင်တော့ သူ့ကိုစစ်ဆေးရင် တစ်ခုခုတော့ သိနိုင်မယ်ထင်တယ်။ အခုဆိုရင် တစ်နှစ်ပြည့်တော့မယ် သူတို့ သုံးယောက်ကို အခုထိမမိသေး ဘူးလေ။ ဒါကြောင့် တောင်းဆိုတာပါ”ဟု သေဆုံးသူ မချယ်ရီပွင့်၏ ညီမဝမ်းကွဲ မသက်သက်ဦးက ပြောသည်။

အဆိုပါ လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဇွန်လ ၃ဝ ရက်နေ့တွင် ရဲတပ်ဖွဲ့၏ စုံးစမ်းတွေ့ရှိချက်များ၊ ဆေးစစ်ချက်များ၊ သက်သေ ထွက်ဆိုချက်များနှင့်အတူ   ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ ကိုစိုးနောင်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိချက် ၁၁ ချက်ပါ အစီရင်ခံစာဖြင့် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုဖြစ်စဉ်မှာ သြဂုတ်လ ၂ဝ ရက်နေ့၊ နံနက်ပိုင်းအချိန်က မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပတ္တမြားမြို့သစ်၊ မြအေးချမ်းသာလမ်း၊ အမှတ် (မရှိ)နေအိမ်တွင် ရဲအရာရှိဟောင်း ကိုစိုးနောင်နှင့်အတူ ၎င်း၏ ဇနီး၊ သားသမီးနှစ်ဦးတို့မှာ ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ မချယ်ပွင့်၏ မိခင်ဒေါ်ရီရီနွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly