ဆိုမာလီယာ၌ မြေမြှုပ်ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား၃ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရ

ဆိုမာလီယာ၌ မြေမြှုပ်ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား၃ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရ

မိုဂါဒစ်ရှုး၊ ဇူလိုင် ၃ ။                 ။ ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှုမြို့မှ ဟော်လ်ဝါဒတ်နယ်မြေအတွင်းရှိ မီနီဘတ်စ်ကားတစ်စီးအနီးတွင် မြေမြှုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အနည်းဆုံးအရပ်သား ၃ဦးခန့် သေဆုံးခဲ့ပြီး ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးအရာရှိများက တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

ဟော်လ်ဝါဒတ်နယ်မြေအတွင်းမှ လုံခြုံရေးအကြီးအကဲဖြစ်သူ အက်ဘ်ဒူလာအက်ဒန်က အဆိုပါမြေမြှုပ်ဗုံး ပေါက်ကွဲမှုသတင်းကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကမှ ထိုပေါက်ကွဲမှုသည် ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေညာခြင်းမရှိ သေးသော်လည်း ထိုနယ်မြေသည် အယ်လ်ရှာဘတ် အစွန်းရောက်စစ်သွေးကြွများ၏ တိုက်ခိုက်မှုကို မကြာခဏဆိုသလို ကြုံတွေ့နေရသည့် နယ်မြေတစ်ခုဖြစ်သည်။

ထိုနယ်မြေအတွင်း၌ မြေမြှုပ်ဗုံးဖောက်ခွဲခြင်းထက် အသေခံဗုံးဖောက်ခွဲခြင်းများကို အကြမ်းဖက်သမားများက ပိုမိုကျူးလွန်လေ့ရှိပြီး စားသောက်ဆိုင်များ၊ ဟော်တယ်များကဲ့သို့သော လူစည်ကားရာနေရာများနှင့် အရပ်သား များကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်။

လွန်ခဲ့သော ဇွန်လ ၂၂ရက်နေ့ကလည်း မိုဂါဒစ်ရှုးမြို့တွင်းရှိ ရဲစခန်းတစ်ခုအရှေ့တွင် အားပြင်းသော ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သောကြောင့် ၉ဦးသေဆုံးပြီး ၁၃ဦးခန့် ဒဏ်ရာရရှိခဲ့သော ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။

မကြာသေးခင်လများအတွင်း အယ်လ်ရှာဘတ်အဖွဲ့သည် မိုဂါဒစ်ရှုးမြို့တွင်းရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ ကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများကို အဆက်မပြတ်ကျူးလွန်လာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly