ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည် သုံးသပ်ရန် အပစ်ရပ်အဖွဲ့များက PPST အလုပ်အဖွဲ့ကို ဖွဲ့စည်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည် သုံးသပ်ရန် အပစ်ရပ်အဖွဲ့များက PPST အလုပ်အဖွဲ့ကို ဖွဲ့စည်း

ချင်းမိုင်၊ဇူလိုင်လ ၂ ။           ။ တစ်နိုင်ငံလုံး ပစ်တ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှု အားနည်းချက်၊ ချွတ်ယွင်းချက်များ ရှိခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြန်လည် သုံးသပ်ခြင်း၊ ပြန်လည် ပြုပြင်ပြောင်းလဲမှုများ တာဝန်ယူ လုပ်ဆောင်သွားရန် အလုပ်အဖွဲ့ တစ်ဖွဲ့ကို အပစ်ရပ် အဖွဲ့အစည်းများ ဖွဲ့စည်းလိုက်သည်။

ဇွန်လ ၂၈ ရက်မှ ဇူလိုင် ၂ ရက်နေ့ထိ ကျင်းပသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လေးရက်ခွဲကြာ ကျင်းပသော မျက်နှာစုံညီ အစည်းအဝေးမှ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အလုပ်အဖွဲ့ကို စဖွဲ့ပါတယ်။ ဖွဲ့ပြီးတော့ ကျွန်တော်တို့ ကြားထဲမှာ အန်စီအေ စာချုပ် အပါအဝင် အကောင် အထည်ဖော်မှု ဆိုင်ရာ ပြန်လည် သုံးသပ်ခြင်းဆိုတဲ့ အလုပ်အဖွဲ့ကို ၈ဖွဲ့က ကိုယ်စာလှယ်တွေ ဖွဲ့ထားပါတယ်။ ခုပြောနေတဲ့တာဝန်ယူထားတဲ့ အစုတွေရှိတယ်။ အဲဒီအစုတွေ၊ တာဝန်ခံတွေနဲ့အတူ အချိန်ယူပြီးတော့ ပြန်ပြီး သုံးသပ်မယ်။ အဲဒါကို တပ်မတော်နဲ့ရော ပြန် သုံးသပ်ပြီးရင် တာဝန်ရှိတဲ့ အစိုးရ အဖွဲ့တွေနဲ့ရော လက်မှတ်မထိုးသေးသော်လည်းဘဲ ကျွန်တော်တို့နဲ့အတူ မဟာမိတ်တွေ ဖြစ်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ဆက်ညှိနှိုင်းဖို့ ဆက်ညှိနှိုင်းဖို့ အစီအစဉ်ရှိပါတယ်”ဟု ABSDF ဥက္ကဋ္ဌ ဦးသံခဲက သတင်းစာရှင်းပွဲတွင် ပြောဆိုခဲ့သည်။

အလုပ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုကွယ်စောထူးဝင်း ဦးဆောင်ပြီး သက်ဆိုင်ရာအဖွဲ့အလိုက် ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားသူ ၂ ဦး၊ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပေးနိုင်သည့် ပုဂ္ဂိုလ်များ အပါအဝင် စုစုပေါင်း၂၁ ဦးပါ အလုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

NCA အကောင်အထည်ဖော်မှုများ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ခုလုံး ပိုမိုထိရောက်အောင်မြင်ရေးနှင့် NCA-S EAO အဖွဲ့အစည်းအတွင်း အမြင်သဘောထားရပ်တည်ချက်များ ပိုမိုခိုင်မာစေရေး ရည်ရွယ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ပြန်လည် သုံးသပ်ပြင်ဆင်ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအလုပ်အဖွဲ့မှ ရရှိသော သုံးသပ်ချက်များ၊ ပြုပြင်ပြုပြင်ပြောင်းလဲချက်များကို PPST သို့ ပြန်လည် တင်ပြကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ EAOs  ညီလာခံ ကျင်းပကာ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လေးရက်ကြာ ကျင်းပသော အစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ လုပ်ငန်းကော်မတီ အစည်းအဝေးများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ဒုတိယအကြိပ် ညလာခံ ကျင်းပခဲ့သော အခင်းအကျဉ်း၊ စိတ်ခေါ်မှုများ အပါအဝင် ငြိမ်းချမ်းရေး ဖြစ်စဉ် တခုလုံး၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည် ဆွေးနွေး သုံးသပ်ခဲ့ကြပြီးနောက် အချက် ၁၇ ရက် သဘောတူ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

“အန်စီအေထဲမှာ ရေးထားတဲ့အတိုင်း လမ်းလွဲနေတဲ့အချက်တွေ ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ တရားဝင်နိုင်ငံရေး ပါတီတွေ အကုန်လုံး နိုင်ငံရေးဆွေးနွေးပွဲမှာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရှိရမယ်ဆိုတာ ရေးသားထားပါတယ်။ ဒါက အန်စီအေရဲ့ ပြန်ဌာန်းချက်ပါ။ ဒါပေမဲ့ တကယ့်တကယ် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါကြတော့ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ မပါတော့ဘဲနဲ့ အနိုင်ရပါတီတခုထဲကိုဘဲ ပါဝင်ထားတဲ့အနေအထားဖြစ်တော့ တော်တော်များများကျန်ခဲ့တာ ။ ဒါက အန်စီအေနဲ့ လမ်းကြောင်းနဲ့ လွဲနေတဲ့အနေအထားဖြစ်ပါတယ်”ဟု CNF ဥက္ကဋ္ဌ ပူးဇင်ကျုံးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ထို့ပြင် DDR ခေါ် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းနှင့် ပတ်သက်၍ ဦးသိန်းစိန် အစိုးရ လက်ထက်က တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးချက်များတွင် လုံခြုံရေး ကဏ္ဍတခုလုံးကို ပေါင်းလုပ်ရန် နားလည်ထားသော်လည်း SSR  ခေါ် ပြည်နယ်တိုင်းတွင် ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းခြင်းမသွားဘဲ DDR လက်နက် ဖျက်သိမ်းရေးကိုသာ အစိုးရနှင့် တပ်မတော်က လုပ်ဆောင်နေသဖြင့် NCA လမ်းကြောင်းနှင့် ကွဲလွဲနေသည်ဟု သူက ဆက်ပြောသည်။

“ဒီကနေ့ အခင်းအကျင်းကြတော့ အက်စ်အက်စ်အာ မသွားတော့ဘဲနဲ့ ဒီဒီအာ တစ်ခုတည်းကိုပဲ စစ်တပ်က အစိုးရက သုံးလာတဲ့ အနေအထား ဖြစ်လာတဲ့အထိ ဒါဟာ မသင့်တော်ဘူး။ အန်စီအေ လမ်းကြောင်းနဲ့ တော်တော်လွဲနေတဲ့ အနေအထားမျိုး ဖြစ်တယ်လို့ ကျွန်တော်တို့ အဲဒီလိုပဲယူဆပါတယ်။ ဒါကြောင့် တော်တော်များများဟာ အန်စီအေ လမ်းကြောင်းကို တွေဝေ ပြီးတော့ သွားနေတာ ကျွန်တော်တို့ တွေ့ရပါတယ်။

ဒါကြောင့် ကျွန်တော်တို့ သုံးသပ်ချက်တွေဟာ အင်မတန်မှ လုပ်ဖို့ လိုအပ်တယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

NCAအကောင်အထည်ဖော်မှုတွင် အစိုးရ၊ တပ်မတော်နှင့် NCA-S EAOs များအကြား NCA အပေါ် နားလည်မှုနှင့် အဓိပ္ဗါယ် ဖွင့်ဆိုမှု မတူညီကြောင်း သုံးသပ်တွေ့ရှိသဖြင့် NCA ဆိုင်ရာ အခြေခံမူ၊ ခံယူချက် သဘောထားများနျင့် ကတိပြု ချက်များအား လိုက်နာခြင်း၊ အကောင်အထည်ဖော်ခြင်းပေါ် သက်ရောက်မှုရှိခဲ့ပြီး လွတ်လပ်မှု၊ တန်းတူညီမျှမနှင့် တရားမျှတ မှုဆိုင်ရာ အခြေခံတို့နှင့် ပတ်သက်၍ အားနည်းမှုများ ဖြစ်ပါ်ခဲ့သည်ကို တွေ့ရှိရကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေး မူဘောင်ဆိုင်ရာကိစ္စများ အပြီးသတ် ညှိနှိုင်းဆွေးနွေးနိုင်ခြင်း မရှိဘဲ ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပခြင်းသည်လည်း အချိန်လုံလောက်ခြင်း မရှိခြင်း၊ တချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမကျင်းပနိုင်ခြင်းများသည် အားနည်းချက်အဖြစ် ရှုမြင်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ခေါင်းဆောင်များက ထည့်သွင်းပြောဆိုခဲ့သည်။

PPST ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က NCA လက်မှတ်ရေးထိုးခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တသစ်တပ်ဦး  (ABSDF )၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး-ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျုးိသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)တို့မှ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးစီ ပါဝင်၍ ဖွဲ့စည်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags