ပြည်မြို့ROYAL STAR စားသောက်ဆိုင် လူသတ်မှုအတွက် သံသယရှိသူ ၆ ဦးဖမ်းဆီးထား

ပြည်မြို့ROYAL STAR စားသောက်ဆိုင် လူသတ်မှုအတွက် သံသယရှိသူ ၆ ဦးဖမ်းဆီးထား
ဓာတ်ပုံ-ပုဂံလမ်းက အလွမ်းရှင်

ပြည်၊ ဇူလိုင် ၂ ရက်၊ ။               ။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့၊ နဝဒေးရပ်ကွက်၊ ကုန်တင်ကုန်ချဝင်းအတွင်းရှိ ROYAL STAR စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုအတွက် သံသယရှိသူ ဆိုင်ဝန်ထမ်း ၂၆ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီး အမှုမှ စစ်ဆေးချက်ပေါ်ပေါက်ချက်အရ သံသယရှိသူ ၆ ဦးကို ဖမ်းဆီးထားကြောင်း ပြည်မြို့မရဲစခန်း စခန်းမှူးဒုရဲမှူးတင်ကိုက ပြောသည်။

“စစ်တာကတော့  ၂၆ ယောက် စစ်တယ်။ စစ်တာ ပေါ်ပေါက်နေပြီ။ ၆ ယောက် ဖမ်းထားတယ် ”ဟု ရဲမှူးတင်ကိုက ဆိုသည်။

အဆိုပါ အမှုအတွက် ရဲလုပ်ငန်းမကုန်သေးကြောင်း နှင့် သံသယရှိသူ ၆ ဦးကို မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး  ဆက်လက်စစ်ဆေးရန် ရမန်ယူထားကြောင်း ၎င်းက ပြောသည်။

ဖြစ်စဉ်မှာ ၎င်းစားသောက်ဆိုင်တွင် ဇွန်လ ၂၈ ရက်ညပိုင်းက လာရောက်စားသောက်သူ (၃)ဦး နှင့် ဧည့်ကြိုဝန်ထမ်းများ ရန်ဖြစ်ခဲ့ပြီး  စားသောက်သူ တစ်ဦးသေဆုံးကာ  နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုနေ့ည ၉ နာရီက ဇာနည်ထွန်း (ခ) အာကြီး (၂၃)နှစ် ၊ သော်ဇင်အောင် (၂၄)နှစ် ၊ နိုင်ဝေယံ (၂၄)နှစ်တို့သည် သီချင်းဆိုရန် ROYAL STAR စားသောက်ဆိုင်သို့  ရောက်ရှိလာပြီး KTV ခန်း ကိစ္စစကားပြောရာမှ ဆိုင်ရှိဧည့်ကြိုဝန်ထမ်းများနှင့် အဆင်မပြေဖြစ်ခဲ့သည်။

ဇာနည်ထွန်း (ခ) အာကြီးက ဧည့်ကြိုများကို လိုက်လံထိုးကြိတ်သည့်အတွက် ဧည့်ကြိုဝန်ထမ်းခေါင်းဆောင် လက်ထောက်ခေါင်းဆောင် စိုင်းလူ ခေါင်းဆောင်သော ဧည့်ကြို ၁၅ ဦးခန့်က  ဝိုင်းဝန်းထိုးကြိတ်ကာ တုတ်ဖြင့်ရိုက်ခြင်း ၊ ဓါးမြှောင်ဖြင့် ထိုးခြင်းများ ပြန်လည် ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ဇာနည်ထွန်း(ခ) အာကြီးတွင် ယာဘက်ရင်အုံ တွင် (၁)လက်မခန့်ထိုးသွင်းဒဏ်ရာ(၁)ချက် ၊ ဦးခေါင်းထိပ်ယာဘက်တွင် (၂) လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက် တို့ရရှိခဲ့ပြီးအခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ သော်ဇင်အောင်တွင် ရင်ခေါင်း တစ်လက်မ ခန့်ထိုးသွင်းဒဏ်ရာ (၁)ချက် ၊ ယာဘက်နံဘေး (၁)လက်မခန့်ထိုးသွင်းဒဏ်ရာ (၁)ချက် ၊ ရရှိခဲ့သည်။ နိုင်ဝေယံတွင် ယာဘက်ဂျိုစောင်း (၁)လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက် ၊ ယာဘက်န့ဘေး(၁)လက်မခန့် ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၃၂၄/၃၂၃/၁၁၄ ဖြင့် စားသောက်ဆိုင်ဝန်ထမ်းများကို  အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

၎င်းဆိုင်တွင် ပြီးခဲ့သည့် သုံးလခန့်ကလည်း  အငယ်တန်းလျှပ်စစ် အင်ဂျင်နီယာတစ်ဦး ဝက်ကလေး ဆိုသူက သတ်ဖြတ်ခဲ့ပြီး တရားခံကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly