အမျိုးသမီးရေးရာပြဇာတ် ကို LGBT အဖွဲ့ ကန့်ကွက် သွားမည်

အမျိုးသမီးရေးရာပြဇာတ် ကို LGBT အဖွဲ့ ကန့်ကွက် သွားမည်

ပဲခူး၊ ဇူလိုင် ၂ ။           ။ ဂေးများကို လှောင်ပြောင်၍ လူအများမုန်းတီးအောင်လုပ်သည်ဟု ဆိုကာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့၏ ပြဇာတ်တစ်ခုကို တစ်နိုင်ငံလုံးရှိ LGBT အဖွဲ့ဝင်များက ကန့်ကွက်ထားပြီး  လက်မှတ်ထိုးကန့်ကွက်မှု များ ၊ ပညာပေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု LGBT အဖွဲ့၊ ပဲခူးအနောက်ကိုယ်စားလှယ် ကိုငြိမ်းက ပြောသည်။

“ ကျွန်တော်တို့ကို ခွဲခြားဆက်ဆံတယ် ။ လှောင်ပြောင်တဲ့အတွက် ဒီပွဲကို ကန့်ကွက်ရှုံ့ချတယ်။ ဒေသအသီးသီးမှာလည်း ဒါနဲ့ပတ်သတ်တဲ့ တုန့်ပြန်မှုအနေနဲ့ ပြန်ပြီး အသိပညာပေးတာမျိုးတွေ လုပ်ဖို့ရှိတယ်။ မွန်ပြည်နယ်မှာ အမျိုးသမီးရေးရာအဖွဲ့နဲ့ သွားပြီးစကားပြောဖြစ်ခဲ့တာရှိတယ်”ဟု LGBT အဖွဲ့၊ ပဲခူးအနောက်ကိုယ်စားလှယ် ကိုငြိမ်းက ပြောသည်။

“မြန်မာ့ရုပ်ရှင်အစည်းအရုံးအနေနဲ့ မလုပ်သင့်တဲ့အရာကို လုပ်သွားတဲ့အတွက် တစ်ချို့ဆိုရင် ငြိမ်းချမ်းစွာဆန္ဒပြဖို့ ၊ကန့်ကွက်တာတွေ ၊  လက်မှတ်ထိုးကန့်ကွက်မှု ကန်ပိန်းတွေ လုပ်ဖို့ ရှိတယ်။ ပြည်အနေနဲ့လည်း လုပ်ဖို့ရှိတယ် ”ဟုလည်း ၎င်းက ဆက်ပြောသည်။

အမျိုးသမီးရေးရာမှ ကြီးမှူးပြီး ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ နှင့် ဖျော်ဖြေပွဲကို ဇွန်လ ၂၈ ရက်မှ ၃၀ရက်အထိ ရန်ကုန်မြို့မကျောင်းလမ်းရှိ  အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ခဲ့ရာ ဇွန်လ ၂၉ ရက် ဖျော်ဖြေပွဲတွင် ယင်းပြဇာတ်ကပြခဲ့ခြင်း ဖြစ်သည်။  

ဇွန်လ ၂၉ ရက်တွင်  ဖျော်ဖြေပွဲတွင် “ယှဉ်ပြိုင်တေးစကား လေဒီစတား” ဆိုသည့် တစ်ခန်းရပ်ပြဇာတ်တစ်ခု ဖျော်ဖြေခဲ့သည့်အတွက် တစ်နိုင်ငံလုံးရှိ လိင်တူချစ်သူများကွန်ယက်အဖွဲ့ များက ကန့်ကွက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

“LADY CLONE အမျိုးသမီးအတုဆိုတဲ့ နာမည်ပေးလိုက်ကတည်းက ကျွန်တော်တို့ကို ခွဲခြား ဆက်ဆံတဲ့စကားလုံး သုံးလိုက်တာပဲ။ နောက်အဲ့ထဲမှာ အရမ်းသရုပ်ပျက်တယ်။ ဂေးတွေ အိုက်တင်လုပ်တာ ပိုလွန်းအားကြီးတယ်”ဟု ကိုငြိမ်းက ဆိုသည်။

ဂေးအဖြစ်သရုပ်ဆောင်သူ၏ သရုပ်ပျက် ဝတ်စားဆင်ယင်မှုများ၊ အိုက်တင်အမူအရာများ ကြောင့် လိင်တူချစ်သူများကို လူအများပိုမိုမုန်းတီးလာနိုင်ပြီး ခွဲခြားဆက်ဆံသည့်ပြကွက်များကြောင့် လိင်တူချစ်သူများ ကို အများက လှောင်ပြောင်စရာ လူတောမတိုးဝံ့စရာများ ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။

“အဲဒီထဲမှာ အမျိုးသမီးတစ်ယောက်က နင်တို့ အဲဒီသီချင်းဆိုရအောင် နင်တို့က ကလေးမွေးနိုင်လို့လား ကလေးမွေးနိုင်တဲ့ အစွမ်းအစရှိလို့လား ဆိုတဲ့ဟာမျိုးနဲ့ ကျွန်တော်တို့ကို ခွဲခြားနှိမ့်ချဆက်ဆံပြောတယ်”ဟု လည်းဆိုသည်။

၎င်းကိစ္စနှင့်ပတ်သတ်ပြီး LGBT အဖွဲ့ဝင် ၁၃၃ ဦး လက်မှတ်ရေးထိုးကာ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက ခန့်အပ်ထားသော Sexual Orientation and Gender Identity နှင့် သက်ဆိုင်သည့် ဘက်မလိုက်ပညာရှင်ရုံး နှင့် လူ့အခွင့်အရေးကော်မရှင်များအဖွဲ့ဖြစ်တဲ့ အာရှပစိဖိတ်ဖိုရမ် များသို့ အကြောင်းကြားထားသည်ဟု လည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly