အလှအပထက် လူမှုဆက်ဆံရေးနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုက အရေးကြီးပါတယ် (ခင်ဝင့်ဝါ)

အလှအပထက် လူမှုဆက်ဆံရေးနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုက အရေးကြီးပါတယ် (ခင်ဝင့်ဝါ)

Miss Super National Myanmar 2013 ဖြစ်ခဲ့တဲ့သူ သူမရဲ့ ချစ်စရာ အမူအရာတွေကြောင့် ပရိသတ် အချစ်ကို သိမ်းပိုက်ထားတဲ့သူ သူမကတော့ မော်ဒယ်သရုပ်ဆောင် ခင်ဝင့်ဝါ ပါ။ အနုပညာသက်တမ်း သိပ်မကြာသေးတဲ့ သူမအတွက် သရုပ်ဆောင်ချင်ဆုံး ကာရိုက်တာက ဘာများဖြစ်မလဲ။ ကျွန်မကတော့ ဝေဝေပါ။ အခုဆိုလို့ရှိရင် ခင်ဝင့်ဝါနဲ့ တွေ့ဆုံဖို့အတွက် သူရှိမယ့်နေရာကို ရောက်ရှိနေပါတယ်။ ကျွန်မရဲ့လက်ထဲမှာတော့ YOPE မေးခွန်း ၅ ခုနဲ့အတူ YOPE Red Chair ရှိနေပါတယ်။

ခင်ဝင့်ဝါ ညီမလေး မင်္ဂလာပါ။

ဟုတ်။ မင်္ဂလာပါရှင့်။

ခင်ဝင့်ဝါကို အစ်မတို့ YOPE ကနေ မေးခွန်း ၅ ခု မေးသွားမှာပေါ့နော်။ ဒါကတော့ ပထမဆုံး မေးခွန်းပါ။ ညီမလေး သရုပ်ဆောင်နေတဲ့ တောက်လျှောက်မှာ သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာ၊ ပြီးတော့ စိတ်ကူးထဲမှာ သရုပ်ဆောင်ချင်ဆုံး ကာရိုက်တာ ရှိမယ်ဆိုရင် ဘာဖြစ်မလဲ။

သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာကတော့ ရှိမှာပါ။ ညီမကလည်း ဒီလောကထဲဝင်တာ သိပ်မကြာသေးဘူးဆိုတော့ ကိုယ် သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာတွေလည်း ရှိသလို သရုပ်မဆောင်ရသေးတဲ့ ကာရိုက်တာတွေလည်း ရှိတယ်ပေါ့။ ထူးထူးခြားခြား အရမ်း ရူးနှမ်းနေတဲ့ အရူးမကြီးပုံစံမျိုးတို့ အရမ်း ဗန့်( ဗီလိန်)ဆန်တာမျိုးကြီးတွေတော့ သရုပ်မဆောင်ဖူးသေးပါဘူး။

ဟုတ်ကဲ့ပါညီမလေး။ ဒါကတော့ ဒုတိယမေးခွန်းပါ မိသားစု မေးခွန်းလေးပေါ့။ ညီမလေး လူမှုကွန်ရက် Facebook မှာ မိသားစုပုံတွေ အစ်မတို့ အမေတို့နဲ့ပုံတွေ တင်တာ အများကြီးတွေ့ရတယ်။ ဒါပေမယ့် အဖေပုံတွေ သိပ်မတွေ့ရဘူး ဘာကြောင့်လဲ။

ညီမက အမေနဲ့ပဲ အမြဲတမ်း နေတယ်။ ပြီးတော့ အဖေကလည်း အဲလိုမျိုး ဓာတ်ပုံရိုက်တာကို ဝါသနာမပါဘူး။ ဓာတ်ပုံလည်း အရိုက်သိပ်မခံဘူး။ ညီမတို့မှာ ရှားရှားပါးပါးဆိုလို့ ညီမမိသားစု ညီမ အစ်မ ဘွဲ့ရတဲ့အခါ မိသားစုပုံရိုက်တယ်၊ ညီမအစ်ကို ဘွဲ့ရတဲ့အခါမှာ ဓာတ်ပုံရိုက်တယ်၊ အခုနောက်ဆုံး ညီမဘွဲ့ရတဲ့အခါမှာ မိသားစုပုံရိုက်တယ်။ အဲဒါလောက်ပဲရှိတယ်။ မှတ်မှတ်ရရ မိသားစုပုံဆိုလို့ ညီမ အဖေဓာတ်ပုံအရိုက်ခံတာဆိုလို့ ပြိုင်ပွဲသွားပြိုင်တုန်းကပဲ ကျန်တာက အဖေက ဓာတ်ပုံရိုက်တာ ဝါသနာလည်းမပါဘူး၊ အရိုက်လည်းမခံဘူး။

ဟုတ်ကဲ့ပါ။ အဓိကကတော့ ဖေဖေက ဝါသနာမပါလို့ပေါ။ ဒါကတော့ နံပါတ်သုံး မေးခွန်းပါ။ ခင်ဝင့်ဝါကို ပရိသတ်တွေက ချစ်ဖို့ကောင်းတဲ့ ကာရိုက်တာအနေနဲ့ အရမ်းချစ်ဖို့ကောင်းတယ်လို့ ပြောကြတယ်။ ကိုယ့်ကိုကိုယ်ရော ဘယ်လိုထင်လဲ။

အဲလောက်ကြီးတော့ မထင်ပါဘူး။ ချစ်တဲ့သူကြတော့လည်း ချစ်တဲ့မျက်စိနဲ့ ကြည့်ပြီးတော့ ချစ်ဖို့ကောင်းတယ်လို့ မြင်ပေးတာပေါ့။ တချို့ မုန်းတဲ့သူကျတော့လည်း အဲလောက်ကြီးလည်း မဟုတ်ပါဘူးလို့လည်း ပြောတာ ကြားဖူးတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါ ကိုယ်ချစ်တဲ့သူ ကိုယ့်ဘေးနားမှာ ပြောပြနေတာ ဟာ ခင်ဝင့်ဝါက အရမ်းချစ်ဖို့ကောင်းတယ် ခင်ဝင့်ဝါ သရုပ်ဆောင်တာ ကြိုက်တယ် ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို ချစ်တဲ့သူတွေ ကိုယ့်ကို အားပေးတဲ့ပရိသတ်တွေက ကိုယ့်ကို ချစ်တဲ့မျက်စိနဲ့ ကြည့်ပေးတာဆိုတော့ ပျော်ပါတယ်။

ဟုတ်ကဲ့ပါ။ အစ်မ အကြောင်းအရာ သုံးခုပြောပြမယ်နော်။ Beauty ရယ် Personality ရယ် Confident ရယ် အဲဒီသုံးခုမှာ မိန်းကလေးတစ်ယောက်အတွက် အမျိုးသမီးတစ်ယောက်အတွက် ဘယ်အရာက အရေးပါဆုံး ဖြစ်မယ်ထင်လဲ။

သုံးခုလုံးက အရေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  ကိုယ့်ကိုကိုယ် Confident( ယုံကြည်မှု) ရှိမှလည်း ကိုယ်ရှေ့ဆက်ပြီး အလုပ်လုပ်ရမှာပေါ့။ ငါက ဒါအလုပ်နဲ့ ဖြစ်မှဖြစ်ပါ့မလား ဆိုပြီးတော့ စိုးရိမ်နေလို့ရှိရင်တော့ ဒါကတော့ ရဲဝံ့တဲ့မိန်းမတစ်ယောက် ယုံကြည်မှုပြည့်နေတဲ့ မိန်းမတစ်ယောက်တော့ ဖြစ်လာမှာမဟုတ်ဘူးလေ။ အမျိုးသမီးက ကိုယ့်ကိုကိုယ် Personality လည်း ကောင်းရမယ်။ Confident လည်း ရှိရမယ်။ အဲလိုမျိုးဆိုရင် မလှပရင်နေပါစေ အလှအပကတော့ မိန်းကလေးတိုင်းကတော့ လှချင်ကြတာပဲလေ။ ဒါပေမယ့် အဓိကက ကိုယ့်ကိုကိုယ် Personality ကောင်းပြီးတော့ Confident ရှိလို့ရှိရင် ဒီမိန်းကလေးဟာဆိုရင် အလိုလို ယုံကြည်မှုနဲ့ ပြည့်နေပြီးတော့ လုံးဝ ကျက်သရေ ရှိသွားလိမ့်မယ်။ မလှရင်တောင်မှ ကျက်သရေရှိမှာပေါ့နော်။ အဲဒီအတွက် သုံးခုလုံးက အရေးပါတယ်ဆိုပေမယ့် ညီမကတော့ Personality နဲ့ Confident ကိုတော့ ပိုအရေးပေးတယ်။

ဟုတ်ကဲ့ပါ ညီမလေး ဒါကတော့ YOPE ရဲ့ နောက်ဆုံးမေးခွန်းပါ။ အစ်မတို့ ဒီ ဟောလီးဝုဒ်မှာဆိုရင် အနုပညာရှင်တစ်ယောက်က အရည်အချင်း ပြည့်ဝရမယ်။ တကယ့်ကို သရုပ်ဆောင်အရည်အချင်းတွေ ပြည့်ဝပြီးတော့မှ မင်းသမီးတွေ မင်းသားတွေ အနုပညာရှင်တွေ ဖြစ်လာကြတယ်။ ဒါပေမယ့် အမတို့ ဒီဘက် အာရှမှာဆိုရင် ရုပ်ချောကြတယ်၊ Miss တွေ အဲဒီကနေပြီးတော့ သရုပ်ဆောင်တွေ မင်းသမီးတွေ ဖြစ်သွားကြတယ်။ အဲဒီအပေါ်မှာရော ညီမလေးအမြင် ဘယ်လိုရှိမလဲ။

ဒါကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံပေါ့နော်။ ညီမတို့လည်း တစ်ခါတစ်လေကျလို့ရှိရင် ကြော်ငြာ သွားရိုက်တဲ့အခါကျလို့ရှိရင် သူတို့ Production နဲ့ ကိုယ့် Production ကွာခြားတာတွေလည်း အများကြီး ရှိတာပေါ့နော်။ သူတို့ သရုပ်ဆောင် ရွေးချယ်မှုအပိုင်းနဲ့ ညီမတို့ သရုပ်ဆောင် ရွေးချယ်မှု အပိုင်းနဲ့ကလည်း မတူညီတဲ့အချက်တွေလည်း ရှိပါတယ်။ ညီမတို့ဆိုလို့ရှိရင် သရုပ်ဆောင်လောကကို အစိမ်းသက်သက်ကြီးနဲ့ ဝင်လာရတယ်။ သရုပ်ဆောင်ပညာကိုလည်း လေ့လာခဲ့တာမဟုတ်ဘူး။ တချို့နိုင်ငံတွေမှာဆိုရင် ငယ်ငယ်လေးကတည်းက သရုပ်ဆောင်ပညာကို လေ့လာတဲ့ ကျောင်း သက်သက်ရှိတယ်။ ညီမတို့ဆီမှာလည်း ရှိပါတယ်။ အနုပညာကျောင်းလည်း ရှိပါတယ်။ ဒါပေမယ့် အရမ်းကြီး အကျွမ်းတဝင်ကြီး ဘယ်သူမှလည်း မရှိကြဘူး။ သူတို့နိုင်ငံမှာ တကယ့်ကို ကျောင်းကြီးက လုံးဝ University ကြီးလိုမျိုးကို လူတွေက အလေးပေးပြီးတော့ တက်ကြတာမျိုးတွေပေါ့နော်။ ညီမတို့ဆီမှာကျတော့ ပန်ထွာကျောင်းတို့ ဘာတို့ဆိုတာက ရှိတော့ရှိတယ်။ ဒါပေမယ့် တက်တဲ့သူလည်း နည်းတယ်။ ပုဂ္ဂလိက ဖွင့်တဲ့ ကျောင်းတွေပဲ တက်ကြတာများတယ်။ ညီမဆိုရင် သရုပ်ဆောင်ကျောင်း မတက်ခဲ့ဘဲနဲ့ အစိမ်းသက်သက်ကြီး ဝင်လာတယ်ပေါ့နော်။ အဲလိုမျိုးပေါ့ သူ့နေရာနဲ့သူကတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ တစ်ခုနဲ့တစ်ခုကတော့ ကွာခြားမှုကတော့ ရှိမှာပေါ့။

ဟုတ်ကဲ့ပါ ညီမလေး။ အခုလို အမတို့ YOPE မှာ မေးခွန်း ၅ ခု ဖြေပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

ဟုတ်ကဲ့ပါ။ ကျေးဇူးအများကြီး တင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly