ယခုနှစ်ဆောင်းသီးနှံအတွက် ချေးငွေ သုံးဘီလီယံကျော်ထိ တိုးမြှင့်ထုတ်ချေးပေးမည်

ယခုနှစ်ဆောင်းသီးနှံအတွက် ချေးငွေ သုံးဘီလီယံကျော်ထိ တိုးမြှင့်ထုတ်ချေးပေးမည်

ဆောင်းသီးနှံ စိုက်ပျိုးလုပ်ကိုင်သူများ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ကိုင်နိုင်ရန်အတွက် ယခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေများကို ရခိုင်ပြည်နယ်အတွင်း သုံးဘီလီယံကျော်အထိ တိုးမြှင့်ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။

ယခင်နှစ်က ရခိုင်ပြည်နယ်အတွင်း ထုတ်ချေးပေးခဲ့သည့် ငွေပမာဏမှာ ၁ ဒသမ ၄၅၇ ဘီလီယံသာ ထုတ်ချေးပေးခဲ့ပြီး ယခုနှစ်တွင် ၃ ဘီလီယံကျော်ထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ် မန်နေဂျာ ဦးအေးသိန်းက ပြောသည်။

“ပြီးခဲ့တဲ့နှစ်ကတော့ တစ်ဧကကို နှစ်သောင်းနှုန်းနဲ့ ထုတ်ချေးပေးခဲ့ပါတယ်။ အခုနှစ်မှာတော့ ငါးသောင်းနှုန်းထိ တိုးမြှင့် ပြီးတော့ ထုတ်ချေးဖို့အတွက် စီစဉ်ထားပါတယ်။ အရင်နှစ်ကတော့ ၁ ဒသမ ၄၅၇ ဘီလီယံ ထုတ်ချေးပေးခဲ့ပေမယ့် ဒီနှစ်မှာတော့ သုံးဘီလီယံကျော်ထိ တိုးပြီးတော့ ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်”ဟု ဦးအေးသိန်းကပြောသည်။

ရခိုင်ပြည်နယ်၏ အဓိကစီးပွားရေး လုပ်ငန်းများမှာ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး မိုးစပါးစိုက်ပျိုးရေး ပြီးလျှင် ဆောင်းသီးနှံစိုက်ပျိုးရေးမှာ ဒုတိယအများဆုံး ဖြစ်သော်လည်း ဆောင်းသီးနှံနှင့် မိုးကြိုသီးနှံ စိုက်ပျိုးရေး လုပ်ငန်းများအတွက် ဧက  ငါးသောင်းဝန်းကျင်သာ ချေးငွေရယူပြီး ကျန်လုပ်ငန်းရှင်များမှာ မိမိစရိတ်ဖြင့် စိုက်ပျိုး လုပ်ကိုင် နေခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ဒီဒေသမှာစိုက်ပျိုးတဲ့ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံတွေရယ် ကြံရယ် ဒါတွေကို ထုတ်ချေးပေးပါတယ်။ ကြံသီးနှံကတော့ တစ်ဧကကို တစ်သိန်းနှုန်း ထုတ်ပေးပါတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်အစိုးရနဲ့ NGO တွေပေါင်းစပ်ပြီး ငါးနှစ်စီမံကိန်း ရေးဆွဲနေတာ ရှိပါတယ်။ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ငန်းသစ်တွေကို ဖော်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။”ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ယခင်နှစ်က တစ်ဧကလျှင် နှစ်သောင်းနှုန်းဖြင့် ဧကပေါင်း ငါးသောင်းဝန်းကျင်ကိုသာ ထုတ်ချေးပေးခဲ့သော်လည်း ယခုနှစ်တွင် ချေးငွေကို ကျပ်ငါးသောင်းအထိ တိုးမြှင့်ထားပြီး စိုက်ပျိုးမြေဧကကိုလည်း တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မိုးကြိုသီးနှံဖြစ်သည့် ကြံစိုက်ပျိုးရေးကို တစ်ဧကလျှင် ကျပ်တစ်သိန်းထိ ထုတ်ချေးပေးထားသော်လည်း စိုက်ပျိုးစရိတ် မြင့်မားခြင်း၊ သီးနှံဈေးကျဆင်းခြင်း၊ ဈေးကွက်မရှိခြင်းတို့ကြောင့် ရခိုင်ပြည်နယ်အတွင်းမှ ကြံစိုက်ပျိုးတောင်သူများမှာ နှစ်စဉ်အရှုံးပေါ်လျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly