ONE Championship ပြိုင်ပွဲဆိုတာက ဘာလဲ

ONE Championship ပြိုင်ပွဲဆိုတာက ဘာလဲ
ဓာတ်ပုံ-သက်ကို

ဇူလိုင် ၁ ။                ။ ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်သည့် LIGHT OF A NATION MMA ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ ရုရှနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်အား  ယှဉ်ပြိုင်ထိုးသတ်ပြီး အောင်လအန်ဆန်က ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆွတ်ခူးရယူနိုင်ခဲ့သည်။ ထို့ကြောင့် One Championship ပြိုင်ပွဲဆိုတာ ဘာလဲ။ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေနှင့် ယှဉ်ပြိုင်ရသလဲဆိုတာကို မဇ္ဈိမစာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ONE Championship

ONE Championship ပြိုင်ပွဲဆိုတာကတော့ အာရှဒေသရဲ့ (mixed martial arts-MMA) ဘက်စုံ ကိုယ်ခံပညာသုံး ပြိုင်ပွဲအစီအစဉ်တစ်ခုဖြစ်ပါတယ်။ ယင်းပြိုင်ပွဲအစီအစဉ်ကို ကျင်းပတဲ့ စင်ကာပူအခြေစိုက်ကုမ္ပဏီကိုတော့ ၂၀၁၁ ဇူလိုင် ၁၄ ရက်က လုပ်ငန်းရှင်သူဌေးကြီး Chatri Sityodtong နဲ့ ESPN Star Sports ရဲ့ Senior Executive ဟောင်း Victor Cui တို့က စတင်ထူထောင်ခဲ့ကြတာဖြစ်ပါတယ်။

CNBC သတင်းဌာနရဲ့ အဆိုအရ ONE Championship ဟာ အာရှဒေသရဲ့ အကြီးဆုံး အားကစားမီဒီယာလုပ်ငန်းကြီးဖြစ်ပါတယ်။ အလားတူ ယင်းပြိုင်ပွဲဟာ အာရှဒေသရဲ့ အကြီးဆုံးသော MMA ပြိုင်ပွဲအစီအစဉ်တစ်ခုအဖြစ်လည်း လက်ခံထားကြပါတယ်။

ပထမဆုံးသော ONE Championship ပြိုင်ပွဲကိုတော့ ၂၀၁၁ စက်တင်ဘာ ၃ ရက်က စင်ကာပူ မိုးလုံလေလုံ အားကစားခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယင်းနောက်ပိုင်းကစလို့ အဆိုပါ ပြိုင်ပွဲအစီအစဉ်ဟာ အာရှဒေသတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားခဲ့ပြီး တစ်ဟုန်ထိုးကျော်ကြားလာခဲ့ပါတယ်။

စည်းမျဉ်းစည်းကမ်းများ

ONE Championship ပြိုင်ပွဲမှာတော့ ကမ္ဘာလုံးဆိုင်ရာ MMA စည်းမျဉ်းတွေကိုပဲ အသုံးပြုတာဖြစ်ပါတယ်။ အဆိုပါ စည်းမျဉ်းတွေမှာလည်း အာရှဒေသနဲ့ အာရှဒေသပြင်ပမှာရှိတဲ့ စည်းမျဉ်းတွေထဲက အကောင်းဆုံးသော စည်းမျဉ်းတွေကို ရောသမမွှေ ပေါင်းစပ်ထားတာဖြစ်ပါတယ်။

အလှည့်၊အချီ

Non-championship ပြိုင်ပွဲတွေမှာတော့ တစ်ချီကို ငါးမိနစ်နဲ့ သုံးချီ ယှဉ်ပြိုင်ရပြီး အချီတစ်ခုနဲ့တစ်ခုကြား တစ်မိနစ် နားပါတယ်။ Championship ပြိုင်ပွဲတွေမှာတော့ တစ်ချီကိုငါးမိနစ်ကြာ ငါးချီ ထိ ယှဉ်ပြိုင်ရပြီး တစ်ချီနဲ့ တစ်ချီအကြား တစ်မိနစ်နားပါတယ်။

အမှတ်ပေးအကဲဖြတ်ခြင်း

ပြိုင်ပွဲတစ်ခုတွင်း အလဲထိုးနိုင်ခြင်းမရှိဘဲ နောက်ဆုံးအချီထိ ယှဉ်ပြိုင်တဲ့အခါမျိုးမှာ ဒိုင်အမှတ်နဲ့ ဆုံးဖြတ်ပါတယ်။ အကဲဖြတ်တဲ့ ဒိုင်သုံးဦး ရှိပြီး ဒိုင်သုံးဦးစလုံးက ပြိုင်ပွဲတစ်ပွဲလုံးကို ခြုံငုံဆုံးဖြတ်ပြီးမှ အမှတ်ပေးတာဖြစ်ပါတယ်။  ဒိုင်တွေကတော့ အောက်ပါ အမှတ်ပေး စည်းမျဉ်းစံနှုန်းတွေအတိုင်း အနိုင်ရသူကို အမှတ်ပေးဆုံးဖြတ်ပါတယ်။

၁. အလဲထိုးချက် (KO) ဒါမှမဟုတ် အရှုံးပေးခြင်း (Submission)

၂. ထိခိုက်မှု ( ခန္ဓာကိုယ်တွင်းဒဏ်ရာ၊ စုပြုံဒဏ်ရာ၊ အပေါ်ယံဒဏ်ရာရရှိမှု)

၃. နည်းပညာပေါင်းစပ်အသုံးပြုနိုင်မှုပိုင်းထင်ရှားပေါ်လွင်မှုနဲ့  ကြိုးဝိုင်းအတွင်း ဦးဆောင်ထိုးသတ်နိုင်မှု ( ကြိုးဝိုင်းအတွင်း ထိန်းချုပ်နိုင်မှု၊ နေရာယူမှု ကောင်းမွန်မှု)

၄. ပြိုင်ဘက်ကို လဲှချဖြိုသိပ်နိုင်မှု ဒါမှမဟုတ် ပြိုင်ဘက်ရဲ့လှဲချလာမှုကို ခုခံနိုင်မှု

၅. တက်ကြွမာန်ပါမှု တို့ ပါဝင်ပါတယ်။

Ref: Wiki

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly