နေပြည်တော်(ဇူလိုင် ၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာသူ ကချင်တိုင်းရင်းသား အောင်လအန်ဆန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမှတ်တရလက်ဆောင်အဖြစ် လက်ဝှေ့အိတ် ပေးအပ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ညပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံတွင် ကျင်းပသည့် MMA ပြိုင်ပွဲတွင် ရှုံးပွဲမရှိသေးသည့် ကမ္ဘာ့ချန်ပီယံ ရုရှနိုင်ငံသားအား အနိုင်ရရှိပြီး ရွှေခါးပတ်ရရှိခဲ့သည့် အောင်လအန်ဆန်က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးမှတဆင့် ဗိုလ်ချုပ်မှူးကြီးအား ထိုသို့ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ယှဉ်ပြိုင်ဖက်အား ဇွဲ၊ သတ္တိ၊ အားမာန်အပြည့်အတို့ဖြင့် ရဲရဲဝံ့ဝံ့ယှဉ်ပြိုင်၍ မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်ကို ထုတ်ဖော်ပြသပြီး MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုကြီးအား ထိုက်တန်စွာ ရယူနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၁၀၀)အား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ် သက်ပုံက အောင်လအန်ဆန်အား ယနေ့နေ့လည်ပိုင်းတွင် သွားရောက် ချီးမြှင့်ခဲ့သည်။
MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ကြောင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ပြိုင်ပွဲတွင်ရရှိခဲ့သည့် ထိခိုက်ဒဏ်ရာများလည်း အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားခဲ့သည့် ဆုမွန်တောင်းစကားကို ဗိုလ်မှူးချုပ် သက်ပုံက ပြောကြားသည်။
ယင်းနောက် အောင်လအန်ဆန်က ပေးအပ်ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ မိသားစုအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့်လည်း ယခုထက်နှစ်ဆ ပိုမိုကြိုးစားသွားမည်ဖြစ်ပါကြောင်း နှင့် ချန်ပီယံခါးပတ်ဆုကြီးအားလည်း ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်းဖြင့် ပြန်လည်ပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမှတ်တရလက်ဆောင်လက်ဝှေ့အိတ်ကို ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူခဲ့သည်။