တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုလွှာ အောင်လအန်ဆန်ကို ပေးအပ်ခဲ့

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုလွှာ အောင်လအန်ဆန်ကို ပေးအပ်ခဲ့
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဇူလိုင်လ ၁ ရက် ။                 ။ ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်သည့် LIGHT OF A NATION MMA ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆွတ်ခူးရယူနိုင်ခဲ့သည့် အောင်လအန်ဆန် အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

မြန်မာအမျိုးသားကချင်တိုင်းရင်းသားတစ်ဦးအနေဖြင့် အမိမြေ၌ ကမ္ဘာ့ချန်ပီယံ ရုရှနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်အား မြန်မာစိတ်ဖြင့် ယှဉ်ပြိုင်ထိုးသတ်ပြီး ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်း ယနေ့ ဇူလိုင်လ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀ အား ဇူလိုင်လ ၁ ရက်တွင် ရန်ကုန်မြို့ရှိ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံ က သွားရောက်ချီးမြှင့်ပေးအပ်ခဲ့သည်။

အောင်လအန်ဆန်အား MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သောကြောင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ပြိုင်ပွဲတွင်ရရှိခဲ့သည့် ထိခိုက်ဒဏ်ရာများလည်း အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပါးခဲ့ကြောင်း သိရသည်။

ထို့နောက် အောင်လအန်ဆန်က “ယခုထက်နှစ်ဆ ပိုမိုကြိုးစားသွားမည်ဖြစ်ပါကြောင်း နှင့် ချန်ပီယံခါးပတ်ဆုကြီးအားလည်း ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း” ပြောခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ မိသားစုအားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမှတ်တရလက်ဆောင် လက်ဝှေ့အိတ်ကို ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly