မောင်တောတွင် INGO ဝန်ထမ်းတစ်ဦး နေအိမ်၌ အသတ်ခံရ

မောင်တောတွင် INGO ဝန်ထမ်းတစ်ဦး နေအိမ်၌ အသတ်ခံရ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

ဇူလိုင် ၁ ။            ။ ရခိုင်ပြည်နယ်၊ မောင်တောတွင် မျက်နှာဖုံးအနက်များဝတ်ဆင်ထားသည့် လူ ၁၀ ဦးခန့်က INGO ဝန်ထမ်းတစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ဇူလိုင်လ ၁ ရက်တွင် ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် မကျီးချောင်းနယ်မြေ တပ်ဦးချောင်းကျေးရွာအုပ်စု ဘရုံးနား အနောက်ရွာနေ INGO ဝန်ထမ်း ဖြစ်သူ နုရ်အီစ္စလာမ် ၃၄ နှစ်သည် နေအိမ်တွင်ရှိနေစဉ် ဇွန် ၂၉ ရက်၊ ည ၁၂ နာရီ ၁၀ မိနစ် တွင် ရဲဒင်းနှင့် ဓားများ ကိုင်ဆောင်ထားသော မျက်နှာဖုံးအနက်များ ဝတ်ဆင်ထားသည့် လူ (၁၀) ဦးခန့်က သတ်ခဲ့ခြင်းဖြစ်သည်။

၎င်းနေအိမ်ရှေ့တံခါးအား တွန်းဖွင့်၍ ဝင်ရောက်လာပြီး နုရ်အီစ္စလာမ်အား နေအိမ်အပြင်သို့ဆွဲထုတ်၍ ဓား၊ ရဲဒင်းဖြင့် ခုတ်ခဲ့ရာ ဝဲပါး၊ ဝဲဦးခေါင်းနောက်၊ ဝဲနားရွက်ပြတ်ရှ ဒဏ်ရာများ၊ ဝဲနားနောက် ထိုးသွင်းဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့သည်။

ယင်း သေဆုံးသွားသော နုရ်အီစ္စလာမ် CFSI အမည်ရှိ INGO တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ မှ စတင်၍ ဝင်ရောက်လုပ်ကိုင်နေသော INGO ဝန်ထမ်းတစ်ဦးဖြစ်ကာ CFSI သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် အခြေစိုက်သည့် နိုင်ငံတကာမိသားစု လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်သည့် INGO အဖွဲ့အစည်း ဖြစ်သည်။

အဆိုပါ INGO သည်ရန်ကုန်ကမာရွတ်တွင် ရုံးချုပ်ဖွင့်လှစ်ထားပြီး၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် မောင်တော (၃) မိုင်ရပ်ကွက်၌ ရုံးခွဲ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၎င်း INGO အဖွဲ့၏ မောင်တောဒေသ တာဝန်ခံမှာ ဖိလစ်ပိုင်နိုင်ငံသူ May Landina Fan ဖြစ်ပြီး မောင်တောတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ပညာပေးရေး လုပ်ငန်းများ လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား မောင်တောဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly