ဦးဝီရသူအား ဓမ္မ၊ အဓမ္မ ခွဲခြားပေးရန် တောင်းဆိုမှု မဟန ၄၇ ပါး စုံညီအစည်းအဝေးပြီးမှ ဆုံးဖြတ်မည်

ဦးဝီရသူအား ဓမ္မ၊ အဓမ္မ ခွဲခြားပေးရန် တောင်းဆိုမှု မဟန ၄၇ ပါး စုံညီအစည်းအဝေးပြီးမှ ဆုံးဖြတ်မည်

ရန်ကုန်၊ ဇွန် ၃၀ ။           ။ ဆရာတော် ဦးဝီရသူ၏ ပြုမူဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ဓမ္မဖြစ်ခြင်း၊ အဓမ္မဖြစ်ခြင်းခွဲခြားပေးရန် တောင်းဆိုမှုကို လက်ရှိကျင်းပနေသည့် မဟန ဦးဆောင်ဆရာတော် ၄၇ ပါးစုံညီအစည်းအဝေးပြီးမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ဝိနိစ္ဆယဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်က ပြောသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ စုဒ္ဒသမ အကြိမ်မြောက် ၄၇ ပါး စုံညီအစည်းအဝေးကို  ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပနေပြီး ဇူလိုင်လ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ဝိနိစ္ဆယဌာမှ သိရသည်။

“ အဲ့ဒါတော့ ဆရာတော်ကြီးတွေ စဉ်းစားဆုံးဖြတ်ရမယ့်ကိစ္စပါ။ မြတ်ကျော်တို့အဖွဲ့ကတော့ ဇွန် ၂၆ ရက်က သံဃမဟာနာယက အဖွဲ့ကိုစာတင်ထား တာရှိပါတယ်။ ၄၇ ပါးစုံညီအစည်းအဝေးက လုပ်နေတဲ့အခါကျတော့ နောက်တစ်ပတ်ကျော် နှစ်ပတ်လောက်ကျရင်မှ စာဖတ်ဖြစ်မယ်ထင်ပါတယ်။ ဘာလို့လဲဆို အခုဟာက ၄၇ ပါးစုံညီအစည်းအဝေး ကျင်းပနေတဲ့ကာလဖြစ်လို့ စာဖတ်ပြီးတော့ စဉ်းစားသုံးသပ်ဆုံးြ့ဖတ်ရမယ်အလုပ်တွေ မလုပ်သေး တာဖြစ်တဲ့အတွက် စာမဖတ်ရသေးတာဖြစ်တဲ့အတွက် ဘာမှလောလောဆယ်တော့ လုပ်လို့ မရသေးပါဘူးခင်ဗျ။ စာတော့ ကျွန်တော်တို့ဆီကို ရောက်နေပါပြီ” ဟု ၎င်းကပြောဆိုသည်။

ထို့အပြင် ဆရာတော်ဦးဝီရသူ၏ ပြုမူဆောင်ရွက်ချက်များအား ဓမ္မနှင့် အဓမ္မ ခွဲခြားပေးရန် တောင်းဆိုလက်မှတ် ၂၇၀၀ ကျော်ဖြင့် နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့ထံ   ပေးပို့လျှောက်ထားခဲ့သည်ဟု ဇွန်လ ၂၉ ရက်တွင် အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကျော်က ပြောထားသည်။

ဓမ္မနှင့်အဓမ္မခွဲခြားပေးရန် ပထမအကြိမ်က မဟနအဖွဲ့သို့ အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီမှ လက်မှတ် ၅၀၀ ကျော် ပေးပို့လျှောက်ထားခဲ့သေးပြီး ယခု ဒုတိယအကြိမ်ပေးပို့ထားခြင်းလည်းဖြစ်သည်။

အဆိုပါ လက်မှတ်ပေးပို့သည့်ကိစ္စကို ညွှန်ကြားရေးမှူး ဦးထွန်းညွှန့် က “လက်မှတ်အနည်းအများပေါ် မူတည်ပြီးဆုံးဖြတ်တာမဟုတ်တဲ့အတွက် ဓမ္မ ၊ အဓမ္မ တင်ပြတဲ့ အချက်အလက်ခိုင်မာတဲ့   သေချာမှုအပေါ်မူတည်ပြီးတော့ ဓမ္မဖြစ်ခြင်း၊  အဓမ္မဖြစ်ခြင်းကိုဆုံးဖြတ် ရမယ့်ကိစ္စဖြစ်လို့ အဲ့ကိစ္စဘာမှ တိတိကျကျပြောလို့မရသေးဘူးပေါ့ “ဟု ပြောဆိုသည်။

မဟန ဆရာတော်ကြီးများမှ အစည်းအဝေးအပြီး တင်ပြသည့်စာကို ဖတ်ပြီးပါက အချက်အလက် တိကျခိုင်မာမှုအပေါ်မူတည်ပြီး  ဆရာတော်ဦးဝီရသူကို ဓမ္မခြင်း၊ အဓမ္မ ဖြစ်ခြင်းခွဲခြားပေးရန် သင့်မသင့် မှတ်ချက်တစ်စုံတစ်ရာပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောဆိုသည်။

အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီမှ  နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ထံကို လက်မှတ်တွေ ပေးပို့လျှောက် ထားခဲ့ပြီး သာသနာရေး ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဝန်ကြီးချုပ်ထံသို့ အချက် ၇ ချက်ပါ ဝင်တဲ့ တိုင်ကြားစာကို ဗီဒီယိုဖိုင်၊ ဓာတ်ပုံ၊ လူမှုကွန်ရက်ပါ စာသားအချက်အလက်များနှင့်တကွ ထပ်မံပေးပို့ ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly