ယာဉ်မတော်တဆမှု အဖြစ်များသည့်နေရာများတွင် သတိပေးဆိုင်းဘုတ်များ စိုက်ထူ

ယာဉ်မတော်တဆမှု အဖြစ်များသည့်နေရာများတွင် သတိပေးဆိုင်းဘုတ်များ စိုက်ထူ

ဇွန် ၃၀၊ မန္တလေး ။            ။ မန္တလေးတိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု အဖြစ်များသည့် နေရာများတွင် ယာဉ်မောင်းသူများ သတိပြုမောင်းနှင်ရန် သတိပေးဆိုင်းဘုတ်များအား ဇွန်လ လဆန်းပိုင်းမှ စတင်၍ စိုက်ထူလျက်ရှိကြောင်း သိရသည်။

'' အများမြင်သာတဲ့ နေရာတွေမှာ ယာဉ်မတော်တဆ မကြာခဏဖြစ်ပွားတတ်တဲ့နေရာ၊ သတိထားရမယ့်နေရာတွေမှာ သတိပြုမောင်းနှင်နိုင်ဖို့ ဆိုင်းဘုတ်ထောင်နေပါတယ်၊ မိုးရာသီဖြစ်တော့ သတိပေးဆိုင်းဘုတ်တွေကို သတိပြုမောင်းစေချင်ပါတယ် '' ဟု အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ကံသိန်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေး-ပြင်ဦးလွင် အတက်/အဆင်းလမ်း၊ မိုးကုတ်လမ်း စသည့် မကြာခဏ ယာဉ်မတော်တဆမှုဖြစ်တတ်သော လမ်းပိုင်းများတွင် အရှိန်လျော့မောင်းနှင်ရန် နှင့် လမ်းအခြေအနေ သတိပြုရန် အသိပေးဆိုင်းဘုတ်များကို နယ်မြေ ယာဉ်ထိန်းရဲတပ်ဖွဲ့စုများက လိုက်လံစိုက်ထူပေးလျက်ရှိသည်။

'' အခုအချိန်က ကလေးတွေ ကျောင်းဖွင့်ချိန်ဖြစ်သလို ရာသီဥတုကလည်း မိုးရာသီဖြစ်တော့ သတိထားမောင်းစေချင်တယ်၊ ရာသီဥတုမကောင်းတဲ့အချိန် ယာဉ်မောင်းက အဓိက ဖြစ်တဲ့အတွက် သတိထားစေချင်တယ်၊ ယာဉ်အန္တရာယ်ကင်းရှင်းဖို့ ပြည်သူလူထုအနေနဲ့ သတိပေးဆိုင်းဘုတ်တွေကို သတိပြုပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို စနစ်တကျ ဆင်ဆင်ခြင်ခြင် မောင်းနှင်စေချင်တယ် '' ဟု အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ကံသိန်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ မှ မေလထိ ယာဉ်မတော်တဆမှု (၉၅၉)မှု ဖြစ်ပွားခဲ့ရာ ဒဏ်ရာရ ရှိသူ (၁၅၈၂)ဦး၊ သေဆုံးသူ (၃၃၉)ဦး ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၁၃၉ ၂၀၈ ၅၀၀)ကျပ်ရှိ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly