အင်းစိန်မှ ကျူးအဖြစ် လက်မခံသူများကော်မတီဖွဲ့စည်းပြီး၍ သက်ဆိုင်ရာသို့ စာတင် ကန့်ကွက်သွားမည်

အင်းစိန်မှ ကျူးအဖြစ် လက်မခံသူများကော်မတီဖွဲ့စည်းပြီး၍ သက်ဆိုင်ရာသို့ စာတင် ကန့်ကွက်သွားမည်

ရန်ကုန်   ဇွန်   ၃၀ ။        ။ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်အတွင်းရှိ ပိတောက်မြိုင်နယ်မြေမှ ကျူးကျော်အဖြစ် သတ်မှတ်ခံရသူ များ စုပေါင်း၍ ကျူးစာရင်းအသွင်းခံရခြင်းကို လက်မခံကြောင်း ကော်မတီ ဖွဲ့စည်းပြီး၍ လာမည့် ဇူလိုင်လ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် သက်ဆိုင်ရာဌာများသို့ စာတင်ကန့်ကွက်သွားရန် စီစဉ်နေကြသည်ဟု ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးကျော်ဝဏ္ဏက မဇ္ဈိမသို့ ပြောသည်။

ကော်မတီကို ဇွန်လ ၂၈ ရက်နေ့က ကျူးစာရင်းအသွင်းခံရခြင်းကို လက်မခံကြသူများစုစည်း၍ ဖွဲ့စည်းခဲ့ကြပြီး၊ လက်မှတ်များ ကောက်ခံ၍ သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်သည်။

မိမိကိုယ်တိုင် ရပ်ကွက်အတွင်းက မြေနေရာတစ်ခုကို ကျပ်သိန်း ၁၇၀ ဖြင့် ဝယ်ယူနေထိုင်ခဲ့သည် ဦးကျော်ဝဏ္ဏက ဘဝရပ်တည်မှုကို စာနာနားလည်ပေးစေချင်သည့်အတွက် နိုင်ငံတော်ကို တင်ပြမည်ဟု ပြောသည်။

"တန်ဖိုးအသီးသီးပေးချေပြီးတော့ ဝယ်ယူနေထိုင်တဲ့နေရာကို ကျူးအဖြစ်သတ်မှတ်မယ့်အစား လက်ရှိ နေရာမှာပဲ နိုင်ငံတော်ကို အခွန်အခပေးဆောင်ပြီး နေထိုင်ခွင့်ပြုရန်ဆိုပြီး ဒီသဘောမျိုး တင်သွားမှာ၊ ပြီး တဲ့အခါကျတော့ ကျွန်တော်တို့က ဒီမြေကို ဘယ်လိုပိုင်ဆိုင်ခဲ့တယ်၊ ဘယ်လိုရယူခဲ့တယ်ဆိုတာတွေ  အမှန်တစ်ကယ် ကျူးမဟုတ်ဘူးဆိုတဲ့ဟာတွေပါ တင်ပြသွားမယ်" ဟု ဦးကျော်ဝဏ္ဏက ဆက်လက် ပြောသည်။

အင်းစိန်မြို့နယ်၊စဉ့်ငူရပ်ကွက်အတွင်းရှိ ပိတောက်မြိုင်နယ်မြေအပါအဝင် မီးရထား သံလမ်းနှင့် ပေ ၁၅၀ အကွာအဝေးကနေအိမ်များ၊ လျှပ်စစ်တာဝါတိုင် မီးကြိုးအောက်တစ်လျှောက်   ရောက်ရှိနေသည့် နေအိမ် များ ၊ကျန်းမာရေးဝန်ကြီးဋ္ဌာနပိုင်နှင့် စက်မှုလက်မှု အထက်တန်းကျောင်းပိုင်မြေအတွင်းက နေအိမ်များ စုစုပေါင်း အိမ်ခြေ ၃၅၁  အိမ်ကို ကျူးကျော်များအဖြစ် ဇွန်လ ၂၀ ရက်နေ့တွင် သက်ဆိုင်ရာက သတ်မှတ်ခဲ့သည်။

ယင်းရပ်ကွက်တွင် နေထိုင်သူအချို့သည် ၁၉၉၀ ခုနှစ်ကတည်းက အိမ်မြေနေရာများကို အနည်းဆုံး ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၃၀၀ အထိ ဝယ်ယူ၍ နှစ်ပေါင်းများစွာ အိမ်ထောင်စုစာရင်းနှင့် ရေခွန်၊ မီးခွန်များလည်း ထမ်းဆောင်လာခဲ့ကြသည့်အတွက် ကျူးအဖြစ်သတ်မှတ်ခြင်းကို လက်မခံနိုင် သောကြောင့် ယခုကဲ့သို့စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၆ စက်တင်ဘာလက စတင်ကောက်ခံခဲ့သည့် စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်(၁၃) မြို့နယ်တွင် ကျုးကျော်ဟုသတ်မှတ်ခံထားရသူ စုစု ပေါင်း (၄)သိန်းခန့် ရှိနေပြီဖြစ်သည်။ ယခုလက်ရှိတွင် အင်းစိန်မြို့နယ်အပါအဝင် မြို့နယ် ၂၄ ခုကို ဇွန်လဆန်းမှစတင်၍ ကျူးကျော်စာရင်းများ ကောက်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly