သက်တမ်းရင့်အပင်များ ခုတ်လှဲရန် လျာထားမှု မကွေးတိုင်းအစိုးရထံ တင်ပြထားခြင်း မရှိသေး

သက်တမ်းရင့်အပင်များ ခုတ်လှဲရန် လျာထားမှု မကွေးတိုင်းအစိုးရထံ တင်ပြထားခြင်း မရှိသေး

မကွေး၊ ဇွန် ၂၉ ။         ။ မကွေးတက္ကသိုလ် မျက်နှာစာ မကွေး-တောင်တွင်းကြီး ကားလမ်းပေါ်ရှိ သက်တမ်းရင့် သစ်ပင်များအား ကြက်ခြေခတ် အမှတ်အသားပြုလုပ်၍ ခုတ်လှဲရန် လျာထားမှုအပေါ် မကွေးတိုင်းအစိုးရထံ တင်ပြထားခြင်း မရှိသေးကြောင်း တိုင်းဒေသကြီးအစိုးရ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

“ကျွန်တော်တို့ဆီ တင်ပြထားတာလည်း မရှိသေးဘူး ။ ခွင့်ပြုထားတာလည်း မရှိသေးဘူး၊ ဒီကိစ္စ တင်ပြလာရင်လည်း ကွင်းဆင်းစစ်ဆေးပြီးမှ ခုတ်သင့် ၊ မသင့် တိုင်းအစိုးရက အတည်ပြုချက် ပေးမှာပါ” ဟု တိုင်းဒေသကြီးအစိုးရ သံယဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ဇော်က ပြောသည်။

ဇွန်လ(၂၆) ရက်နေ့ ညနေပိုင်းတွင် မကွေးတောင်တွင်းကားလမ်းမဘေး ဝဲယာရှိ သစ်ပင်များအား ထုံးဖြင့် ကြက်ခြေခတ်အမှတ်အသား ပြုလုပ်ထားမှုအား ဒေသခံများမှ တွေ့ရှိခဲ့ပြီးနောက် သစ်ပင်ခုတ်ရန် ရည်ရွယ်မှုအား ကန့်ကွက်ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

“မကွေးတက္ကသိုလ်လမ်းက အပင်ကြီးတွေကို ခုတ်မယ်လို့ ကြားသိရပါတယ်။ ကျွန်တော့အနေနဲ့ ပြောရရင်မခုတ်စေချင်ဘူး။ အခုလို အပင်ကြီးတွေဖြစ်ဖို့ နောက်အနှစ်၂၀ စောင့်ရင်တောင် သေချာတဲ့ အနေအထားမှာ မရှိပါဘူး။နောက်တစ်ခုက မြို့ထဲလမ်းဆိုတော့ Highway မောင်းတဲ့ လမ်းမဟုတ်တဲ့အတွက်ကြောင့် လေးလမ်း သွား ချဲ့ဖို့ မလိုအပ်ပါဘူး။ နောက်တစ်ခုက တက္ကသိုလ်ကိုသွားတဲ့ လမ်းဖြစ်သောကြောင့် ဘယ်ကားမှ မိုင် နှုန်းမြှင့်ပြီး မောင်းဖို့ မလိုအပ်ပါဘူး။ အခုလို တစ်ဖက် တစ်လမ်းသွားတဲ့ အခြေအနေမျိုးကပဲ အသင့်တော်ဆုံးပါ။ အခုက MAX Myanmar ကုမ္ပဏီက ခုတ်မယ်လို့ သိရပါတယ်။ အစိုးရအဖွဲ့ကလည်း ဒီနေ့ညနေ ကွင်းဆင်းကြည့်ရှုမယ် လို့ကြားသိရပါတယ်။ ဒေသခံနဲ့ တက္ကသိုလ်ကျောင်းနားအနီးတစ်ဝိုက်နဲ့ ကျောင်းသားအများစုကတော့ ကန့်ကွက်မယ်လို့ ကြားသိရပါတယ်” ဟု မကွေးမြို့မှ ကိုသက်မှူးလွင်ကပြောသည်။

အဆိုပါ မကွေးတောင်တွင်းကားလမ်းသည် Max Myanmar ကုမ္ပဏီမှ BOT စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက် နေသည့် လမ်းပိုင်းဖြစ်ပြီး၊ လက်ရှိ လမ်းအကျယ် ၃၆ ပေအား ၄၄ ပေ သို့ ချဲ့ထွင်ရန် ပြည်ထောင်စုအဆင့်မှ ညွှန်ကြားချက်ထုတ်ပြန်ထားသည်ဟု ယင်းကုမ္ပဏီ၏ မကွေးခရိုင်တာဝန်ခံကဇွန်လ ၂၈ ရက်နေ့တွင် သတင်းထောက်များသို့ ပြောသည်။

“မကွေးတက္ကသိုလ်အရှေ့ကနေ လေတပ်ထိပ်အထိ ၂ မိုင်ကို နိုင်လွန်ကတ္တရာခင်းဖို့ ပြည်ထောင်စုအဆင့်က ညွှန်ကြားထားတာရှိပါတယ်၊ လမ်းချဲ့ရမယ့် အနေအထားမှာ နှစ်ပေါင်း(၁၀၀)ကျော် သက်တမ်းရှိ ကုကု္ကိလ်ပင် များ အပါအဝင် ညောင်ပင် တမာပင် ယင်းမာပင်များနဲ့ ပလက်ဖောင်းတွေ၊ ဓာတ်တိုင်တွေပါနေပါတယ်၊ ဒီသစ်ပင်တွေ ခုတ်ဖို့ကို ကျွန်တော်တို့ဆုံးဖြတ်လို့ မရပါဘူး၊ အဲဒီကိစ္စနဲ့ပါတ်သက်ပြီး မြို့နယ်ထွေအုပ်ကို ၉ ရက်နေ့က စာတင်ထားပါတယ်”ဟု Max Myanmar ကုမ္ပဏီ၏ မကွေးခရိုင်တာဝန်ခံက ပြောသည်။ နိုင်လွန်ကတ္တရာခင်းရန် ညွှန်ကြားချက် လက်ခံရရှိသည့် အဆိုပါလမ်းပိုင်းတွင် သစ်ပင် အပင်ပေါင်း( ၈၇ )ပင်အား ခုတ်လှဲရမည့် အခြေအနေတွင် ရှိနေကြောင်း မကွေးခရိုင်တာဝန်ခံထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး သစ်တောဌာနတွင် သစ်ပင်များခုတ်လှဲရန် ကိစ္စဖြင့် ပတ်သက်သည့် ခွင့်ပြုချက်တောင်းခံခြင်း၊ တင်ပြခြင်းအား ယနေ့ဇွန်လ ၂၉ရက်နေ့အထိ မရှိသေးကြောင်း တိုင်းသစ်တောဦးစီးဌာနမှ သိရသည်။

“တိုင်းသစ်တောကိုတော့ မတင်သေးဘူး၊ Max Myanmar ကုမ္ပဏီက အဲ့ဒီလမ်းပိုင်းကို BOTစနစ်နဲ့ ရထားပါတယ်၊ သူတို့က မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးကို တင်ပြထားတယ်၊ မြို့နယ်မှ အဖွဲ့ဖွဲ့ပြီး ဒါကိုစစ်ဆေးမယ်၊ စစ်ဆေးမယ့် အဖွဲ့မှာတော့ မြို့နယ်သစ်တောပါ ပါတယ်၊ သူတို့အဖွဲ့ ပြန်တင်တာကို စစ်ဆေးပြီး တိုင်းအစိုးရကို ပြန်တင်ရမယ်၊ တိုင်းအစိုးရက သဘောတူပါတယ်ဆိုမှ ဒါကို မိခင်ဝန်ကြီးဌာနရဲ့ မူအရ ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန တိုင်းညွှန်မှူး ဦးမြင့်သိန်းခိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly