“ရေဘေးပြဿနာ၊ အဆဲတွေ လျှော့ကြပါ”

“ရေဘေးပြဿနာ၊ အဆဲတွေ လျှော့ကြပါ”

အခုဆိုရင် အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင် နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံလည်း ရေဘေးဒုက္ခဒဏ် ခံစားနေရပါတယ်။ ထူးခြားတယ်လို့ပဲ ဆိုရမလား၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ မတူတဲ့ အချက်ကတော့ မြန်မာနိုင်ငံမှာ ရေဘေး စဖြစ်ဖြစ်ချင်းမှာကိုပဲ အပြန်အလှန်ဝေဖန်မှုတွေ၊ ဆဲဆိုသံ တွေ ဆူညံသွားတဲ့ ကိစ္စပါ။

အထူးသဖြင့် လွတ်လပ်ခွင့်လည်းရ၊ ပြည်သူတွေလည်း အသုံးများတဲ့ Facebook လို အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေ ပေါ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဲလို ဘာကြောင့် ဖြစ်ရတာလဲ၊ လက်ရှိ ရေဘေးကယ်ဆယ်ရေး အခြေအနေ ဘယ်လောက် ထိရောက် အောင်မြင်နေပြီလဲ၊ နောက်ထပ် ဘာတွေဆက်လုပ်ဖို့ လိုဦးမလဲဆိုတာ ဒီကနေ့ ဆွေးနွေးကြည့်ကြ ရအောင်။

ရေဘေးဖြစ်ဖြစ်ချင်း ဖြစ်ပွားခဲ့တာကတော့ အစိုးရကို ဆဲဆိုမှုတွေပါ။ ရေဘေးအတွက် ကြိုတင် စီမံထားတာတွေ မကောင်းဘူး၊ ဖြစ်ဖြစ်ချင်းလည်း ဝန်မခံဘူး၊ အခြေအနေမှန်တွေကို ဖုံးကွယ်ထား တယ်၊ သမ္မတရဲ့ ခရီးစဉ်ကလည်း ဟန်ဆောင်လုပ်ပြနေတာ စသဖြင့် ဖြစ်ပါတယ်။ တချို့တွေက အစိုးရရဲ့ ညံ့ဖျင်းမှုလို့ ယူဆပြီး ဆဲကြသလို၊ တချို့ကတော့ အစိုးရကို နဂိုကတည်းက အမြင် မကြည်လင်လို့ ဆဲကြတာ ဖြစ်ပါတယ်။ တချို့ကျတော့ အတိတ်တုန်းက စစ်အာဏာရှင်တွေ လုပ်ခဲ့တာတွေကို ပြန်ပြောင်းထောက်ပြပြီး ဆဲကြသလို တချို့ကျတော့လည်း ဆဲချင်လို့ကို ဆဲကြတာ ဖြစ်ပါတယ်။

မှန်ပါတယ်။ ပြည်သူ သိန်းနဲ့ချီ သေဆုံးခဲ့တဲ့ ၂၀၀၈ နာဂစ် မုန်တိုင်းဘေးကို ကိုင်တွယ်ခဲ့ကြသူ တွေဟာ အရင်စစ်အာဏာရှင်ဟောင်းတွေနဲ့ အတူ လက်ရှိသမ္မတ၊ လွှတ်တော် နာယက တာဝန်ယူ ထားသူတွေက ထိပ်တန်းကနေ ပါဝင်ခဲ့ကြတာပါ။ နာဂစ်ဘေးတုန်းက စစ်အာဏာရှင်တွေရဲ့ ကိုင်တွယ်ပုံဟာ ဘယ်လိုမှ ယုံကြည်စရာ မရှိလောက်အောင် ကမ်းကုန်အောင် ဆိုးရွားလွန်းပါတယ်။

အစပိုင်း နိုင်ငံတကာ အကူအညီတွေကို ငြင်းပယ်ပါတယ်။ နောက်ပိုင်း လက်ခံတာတောင် လာပေး သမျှ အစိုးရက အကုန်သိမ်းပြီး သူတို့ကပဲ ပြန်ခွဲဝေပေးတာမျိုး လုပ်ပါတယ်။ မနေနိုင်လို့ သွားကူညီတဲ့ ပြည်သူတွေကို ရန်ရှာပါတယ်။ တစ်ကြိမ်မှာဆိုရင် အလှူသွားလုပ်ပြီး ပြန်လာတဲ့ ကားတွေကို လှိုင်သာယာဘက်ကနေ ဆီးဖမ်းပြီး ရန်ကုန် အင်းစိန် ဂျီတီအိုင်ဝင်းကို ပို့ပါတယ်။

ဧရာဝတီတိုင်းမှာ အလောင်းတွေကောက်ပြီး မြှုပ်နှံပေးသူတွေကို ထောင်ချပါတယ်။ အကူအညီပေးရင်း နိုင်ငံတကာ သတင်းမီဒီယာတွေ မေးသမျှ အမှန်အတိုင်းဖြေတဲ့ ဇာဂနာလို လူရွှင်တော်ကို လည်းထောင်ချပါတယ်။ လှိုင်သာယာ ပုသိမ် ကားလမ်းမှာ စစ်ဆေးရေး ဂိတ် အထပ်ထပ် ချတာမျိုး၊ လှိုင်သာယာ- တွံတေး- ဖျာပုံသွား လမ်းပေါ်မှာ ဓာတ်တိုင် တစ်တိုင် ရဲ တစ်ယောက်နှုန်း ချတာမျိုး လုပ်ပြီးဧရာဝတီတိုင်းကို စစ်ဆင်ရေး ဧရိယာလို ကန့်သတ် နယ်မြေလို လုပ်ခဲ့ပါတယ်။ ပြောရရင် အဲဒီအချိန်က စစ်အာဏာရှင် တွေ လုပ်ခဲ့ကိုင်ခဲ့တာတွေဟာ တွေးလေ တွေးလေ ဘယ်လိုမှ ခွင့်လွှတ်လို့ မရတဲ့ အပြုအမူတွေပါ။ ဒါကြောင့်လည်း လတ်တလော ရေဘေးဖြစ်လာတဲ့အခါ အရင် အဖြစ်တွေကို ပြန်ပြန်တွေးပြီး ဆဲကြ တာ ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေတွေက ပြောင်းလဲလာတာလည်း အမှန်ပဲ ဖြစ်ပါတယ်။ ဒီ ပြဿနာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ လူသားချင်းဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA မြန်မာနိုင်ငံ တာဝန်ခံ ကတော့ အစိုးရအနေနဲ့ ပြင်ဆင်မှု ရှိပြီးသား၊ အစပိုင်းမှာဆို ခုလိုပဲ ဖရိုဖရဲ ဖြစ်တတ်တယ်၊ မကြာခင် အစိုးရဟာ ဒီရေဘေးပြဿနာကို ကောင်းကောင်း ကိုင်တွယ်နိုင်လိမ့်မယ်ဆိုပြီး ဘီဘီစီ ကို ပြောခဲ့ပါတယ်။

သူပြောတာ အမှန်ပါပဲ။ ရက်ပိုင်းအတွင်းမှာကိုပဲ ရေဘေး ကယ်ဆယ် ကူညီရေး လုပ်ငန်းထဲကို အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ သူဌေးကြီးတွေနဲ့ ပြည်သူလူထု တစ်ရပ်လုံး ပါဝင် လာကြတာတွေ့ရ ပါတယ်။

မြန်မာနိုင်ငံထဲက ပုဂ္ဂလိက လေကြောင်းလိုင်းတွေဖြစ်တဲ့ အဲပုဂံ၊ အဲကမ္ဘောဇ၊ ရွှေမြန်မာ၊ မြန်မာနေရှင်နယ် အဲလိုင်း စတာတွေဟာ ခရီးသည် ပို့ဆောင်ရေး လေယာဉ်တွေရဲ့ ထိုင်ခုံတွေဖြုတ်၊ ကုန်တင်လေယာဉ်တွေသဖွယ် ပြုပြင်ပြီး ရေဘေးကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဆောင်ပေးခဲ့ကြပါ တယ်။ အဲဒီအထဲမှာ တပ်မတော်ပိုင် လေယာဉ်တွေ ရဟတ်ယာဉ်တွေကလည်း ကူညီကယ်ဆယ်ရေး လုပ်ခဲ့ကြတာ တွေ့ရပါတယ်။

နိုင်ငံရေးပါတီ အသိုင်းအဝိုင်းထဲက ဆိုရင်လည်း ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ထောင်ထားတဲ့ မန်းအောင်ငြိမ်း ဖောင်ဒေးရှင်းက ကျပ်သိန်း ၁,၀၀၀ မတည်၊ ရေဘေး ကူသလို၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကလည်း ကျပ် သိန်းထောင်နဲ့ ချီတဲ့ ရေဘေးအလှူတွေ လုပ်နေရုံမက ရေဘေးသင့်ရာ ဒေသတွေကိုပါ ကိုယ်တိုင်သွားရောက် ကြည့်ရှုတာ တွေ့ရပါတယ်။ မီဒီယာတွေကလည်း မနေပါဘူး။ အလဲဗင်းမီဒီယာ၊ တူမောရိုး၊ ဆဲဗင်းဒေး၊ သည်ဗွိုက်စ် စတဲ့ သတင်းမီဒီယာတွေကလည်း ရေဘေးအတွက် အများကြီး ကူညီ လုပ်ဆောင်နေတာ တွေ့ရ ပါတယ်။

အနုပညာရှင်တွေ၊ ကာတွန်းဆရာတွေ ပန်းချီဆရာတွေလည်း မနေသာပါဘူး။ ရေဘေး ကူညီရေးအတွက် အားလုံးတတ်နိုင်သမျှ ဝိုင်းဝန်း လုပ်ကိုင်ကြတာ တွေ့ရပါတယ်။ ပြည်သူတွေက လည်း သူတို့ တတ်နိုင်သလောက် လုပ်ကိုင်နေကြတာ နိုင်ငံအနှံ့တွေ့ နေရပါတယ်။ ဒီလို လုပ်နေ ကိုင်နေလို့ အားလုံးကောင်းသွားပြီလို့တော့ မဆိုနိုင်ပါဘူး။

မြန်မာအစိုးရရဲ့ ဗျူရိုကရေစီ ယန္တရားဟာ အလွန်အရည်အချင်း နိမ့်ကျပါတယ်။ ဒီအတွက် ခုလို ရေဘေးအန္တရာယ် တုန့်ပြန်မှုမှာလည်း ညံ့တာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ အစိုးရကသာ ဦးစီးပြီး လုပ်ပေးနိုင်မယ့် ကိစ္စတွေကို ဦးဆောင်ပြီး ဖိဖိစီးစီး မလုပ်ပြနိုင်ခဲ့ပါဘူး။ ဘယ်နေရာတွေမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ ပြည်သူတွေ သိအောင် နေ့စဉ် တင်ပြပေးနေဖို့ လိုပါတယ်။ ပြည်သူတွေ ဘယ်နေရာတွေကို ရှောင်တိမ်း ခိုလှုံနေရတယ်၊ စခန်းဘယ်နှစ်ခု ဖွင့်ထားတယ်။

စခန်းတွေမှာ လူဦး ရေ ဘယ်နှစ်ယောက်၊ ကျား၊ မ၊ သက်ကြီးရွယ်အို၊ ကလေးရှိတယ်။ အဲဒီ လူတွေအတွက် ယာယီ အားဖြင့် ဘာတွေ လိုအပ်နေတယ်၊ အဲဒီလိုအပ်နေတာတွေကို ဘယ်လို လမ်းကြောင်းကနေ ဘယ်နည်း ဘယ်ပုံ သွားရောက် လှူဒါန်းနိုင်တယ် စသဖြင့် တိကျတဲ့ သတင်းအချက်အလက် နေ့စဉ် ထုတ်ပြန်ပေးနေဖို့ လိုပါတယ်။ ဒါ့အပြင် အကူအညီ ပေးတာတွေနဲ့ ပတ်သက်ပြီး ကိုယ့်ဝန်ကြီးဌာန တာဝန်ရှိသူ လိပ်စာလောက် ပေးတာတင်မကဘဲ ကယ်ဆယ်ရေး ဆောင်ရွက်ရာမှာ အင်အားကြီးတဲ့ တပ်မတော်လို၊ သူဌေးကြီးတွေရဲ့ ကုမ္ပဏီတွေလို၊ လူမှုရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းကြီးတွေ လိုမျိုးရဲ့ ဆက်သွယ်ရမယ့် လိပ်စာတွေကိုပါ နေ့စဉ် ဖော်ပြပေးနေဖို့ လိုပါတယ်။

ခြုံပြီးပြောရရင် လက်ရှိ ရေဘေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ပုံဟာ အရင် နာဂစ်ဘေး ကိုင်တွယ်ပုံနဲ့တော့ လုံးဝ ခြားနားခဲ့ပါပြီ။ တရုတ်သံအမတ်လည်း ရေဘေးသင့်ရာ နေရာရောက်ပါ တယ်။ လက်တွေ့လည်း ကူညီသလို လိုအပ်တာတွေကိုလည်း အကူအညီပေးမယ်လို့ ကတိပြုပါတယ်။ ကုလသမဂ္ဂလို၊ UNOCHA လို အဖွဲ့တွေကလည်း ကူညီဖို့ ရှိသလို အခြားနိုင်ငံတကာက ကူညီမယ့်သူတွေ ကိုလည်း နေပြည်တော်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကို ဖွင့်ထားပေးပြီးပါပြီ။

ဒါပေမယ့် လက်ရှိ ရေဘေးပြဿနာဟာ ခဏလေး ကူညီလောက်ရုံနဲ့ ပြီးသွားမယ့် ကိစ္စ မဟုတ်ပါဘူး။ သိန်းနဲ့ ချီတဲ့ ပြည်သူတွေ ဘဝ ပြန်လည်စတင်နိုင်ဖို့ အကူအညီ ပေးရပါဦးမယ်။ ငွေတွေ အများကြီး အကုန်အကျ ခံရဦးမှာဖြစ်သလို အချိန်ယူပြီးလည်း ကယ်ဆယ်ကြရပါဦးမယ်။ ဆူနာမီ ဒဏ်ကို ဆိုးဆိုးရွားရွား ခံရပြီးနောက် အင်ဒိုနီးရှားနိုင်ငံ အာချေးမှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ ကြပါတယ်။

လက်ရှိ ကျယ်ပြန့်တဲ့ ရေဘေးဒုက္ခ ပြဿနာကို အရင်းတည်ပြီး အစိုးရနဲ့ ပြည်သူ၊ တပ်မတော်နဲ့ ပြည်သူ လက်တွဲ ဆောင်ရွက်ကြဖို့ အချိန်ရောက်ပါပြီ။ အဆဲတွေ လျှော့ကြဖို့ လိုပါပြီ။ အဲ ဒီ အစိုးရကို မကြိုက်ဘူး ဆိုရင်တော့ ဆဲနေဖို့ မလိုပါဘူး။ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ကိုယ် အစိုးရဖြစ်စေချင်တဲ့ လူနဲ့ ပါတီကိုသာ မဲပေးဖို့ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags