မန်းတိုင်းအစိုးရမှ သုံးရက်အတွင်း မဖြေရှင်းပေးပါက ရက်အကန့်အသတ်မရှိ သပိတ်စခန်း ဖွင့်မည်

မန်းတိုင်းအစိုးရမှ သုံးရက်အတွင်း မဖြေရှင်းပေးပါက ရက်အကန့်အသတ်မရှိ သပိတ်စခန်း ဖွင့်မည်

မန္တလေး၊ ဇွန် ၂၉ ။                 ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေသိမ်းဆည်းခံထားရသည့် တောင်သူလယ်သမားများက လယ်ယာမြေပြန်လည်ရရှိရေးနှင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများ အမြန်ဆုံးပြန်လွှတ်ပေးရေးတို့ အတွက် ဇွန်လ ၂၉ရက်၊ နံနက် ၁၀ နာရီမှစတင်ပြီး သပိတ်စခန်းဖွင့်ခဲ့ကြောင်း သိရသည်။  

မန္တလေးမြို့၊ မန္တလေးတောင်ခြေရှိ စန္ဒာမုနိဘုရားရှေ့မှ စတင်၍ ၁၂လမ်းနှင့် ၆၆လမ်းထောင့်မှ စတင်၍ ၆၂လမ်းအတိုင်း ၂၆ လမ်းအထိ ချီတက်ဆန္ဒပြခဲ့ကြပြီး သုဓမ္မာဇရပ်တန်းတွင် သပိတ်စခန်းဖွင့်ခဲ့ကြ သည်။

တောင်းဆိုမှုများကို သုံးရက်အတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညှိုနှိုင်းဖြေရှင်းမှုများ လုပ်ဆောင်မပေးပါက သပိတ်စခန်းကို ရက်အကန့်အသတ်မရှိဖွင့်၍ တောင်းဆိုမှုများ လုပ်ဆောင်နေမည်ဟု ဦးဆောင်သူများက ဆိုသည်။

"မြေသိမ်းခံတောင်သူတွေရဲ့အရေးကို တိုင်းအစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်ပေးတာ မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ တောင်သူတွေလမ်းပေါ်ထွက်ခဲ့ရတာပဲ။ ဒီနေ့ သပိတ်စခန်းပါ ဖွင့်တယ်။ သုံးရက်အတွင်း ဖြေရှင်းမပေးဘူးဆိုရင် ရက်အကန့်အသတ်မရှိ သပိတ်စခန်းဖွင့်သွားပါမယ်။"ဟု ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးမောင်စိုးကပြောသည်။

ဆန္ဒပြတောင်သူများသည်" စစ်တပ်မှတောင်သူများအား အနိုင်ကျင့်မှု ချက်ခြင်းရပ်၊တရားဥပဒေမဲ့စွာ တရားစွဲဆိုနေမှု ချက်ခြင်းရပ်၊ အထက်မိန့်ဆိုပြီး တရားစီရင်နေမှု အလိုမရှိ၊ ခရိုနီများ ခိုင်းသမျှ တရားစီရင်နေသူ ဒို့ရန်သူ၊ မန္တလေးတိုင်းအတွင်း တောင်သူများကို မတရားဖမ်းဆီးသူ ပြည်သူ့ရန်သူ "စသည့် ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

မတ္တရာမြို့နယ်မှ၊တောင်သူ ဦးရဲရင့်အောင်က "ရှင်းရှင်းပြောရရင် ဝန်ကြီးချုပ်ကြီး အလုပ်မလုပ်ဘူးလို့ ပြောချင်တယ်။ တောင်သူတွေ တွေ့ကြုံခံစားနေရတာတွေကို အောက်ခြေအထိ ကြည့်စေချင်တယ်။ အခုဟာက မြေသိမ်းခံတောင်သူတွေ အဖမ်းခံနေရတယ်။ ဒါတွေကို ဖြေရှင်းပေးစေချင်တာပါ။ တစ်တိုင်းလုံး တောင်သူ ၃၀၀ ကျော် အဖမ်းခံ အမှုရင်ဆိုင်နေရတယ်"ဟု ပြောသည်။

လယ်သိမ်ခံတောင်သူ ဦးမိုးမြင့်က တိုင်းဒေသကြီးအစိုးရအနေဖြင့် ယခုလိုဆန္ဒပြနေသည့် တောင်သူများနှင့်မျက်နှာချင်းဆိုင်လာရောက်တွေ့ဆုံပြီး ညှိုနှိုင်းအဖြေရှာသင့်ပြီး လုပ်ဆောင်ပေးနိုင်မည့်အချက်များကို လာရောက်ပြောဆိုချင်သည်ဟု ဆိုသည်။

"အမေတို့က မြေကလည်း အသိမ်းခံရ သားကလည်း အဖမ်းခံရနဲ့ ဘာဆက်လုပ်မယ်ဆိုတာ မသိဘူး။ ကိုယ့်မြေလေး သူတို့စီမံကိန်းလေးမလုပ်လို့ ဝင်ထွန်တော့ ဖမ်းတယ်။ အဲဒီလိုဖြစ်နေတော့ ဆန္ဒဖော်ထုတ်တောင်းရုံပဲ ရှိတော့တယ်လေ။ ပြည်သူ့မျက်နှာလေးတွေတော့ ကြည့်ပေးစေချင် တယ်"ဟု အသက် ၇၀ အရွယ် ဒေါ်မယ်ကပြောသည်။

ဆန္ဒဖော်ထုတ်သည့်တောင်သူများသည် ဆန္ဒပြရန်အတွက်သာ သက်ဆိုင်ရာသို့ စာတင်ခဲ့သော်လည်း သပိတ်စခန်းဖွင့်ရန်အတွက် တရားဝင်စာတင်ထားခြင်းမရှိပေ။ ထို့ကြောင့် သပိတ်စခန်းဖွင့်၍ အရေးယူမည်ဆိုပါကလည်း အားလုံးက ရင်ဆိုင်သွားမည်ဟု ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly