ဇွန်လ ၂၉ ။ ။ တက္ကစီအငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း Grab နဲ့ Wave Money တို့ ပူးပေါင်းပြီး ဝန်ဆောင်ခအတွက် ငွေပေးချေခြင်းကို မိုဘိုင်းပေါ်ကနေ ဆောင်ရွက်သွားတော့မှာ ဖြစ်ပါတယ်။
ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီမှုကိုတော့ ဒီနေ့ဇွန်လ ၂၉ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
“ Wave Money ဟာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုနဲ့ ပတ်သက်ရင် နံပါတ်တစ်ပေါ့နော်။ အဲလိုပဲ Grab ဟာ ဆိုရင်လည်းပဲ အငှားယာဉ်ဝန်ဆောင်မှုနဲ့ ပတ်သက်လာရင် အရှေ့တောင်အာရှမှာ နံပါတ် (၁) အောင်မြင် ဆုံးဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ပူးပေါင်းဆောင်ရွက်ရတာပါ” ဟု Wave Money မှ Mr. Brad Jones (Chief Executive Officer) က ပြောပါတယ်။
ပူးပေါင်းဝန်ဆောင်မှု ပထမအဆင့်အနေနဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း Wave Money ဟာ ပထမဆုံး Grab နဲ့အငှားယာဉ်မောင်းကြားမှာရှိတဲ့ ငွေပေးချေမှုတွေကို ဝန်ဆောင်ပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ခရီးသည်တွေ ဘက်က Wave Money ကို အသုံးပြုပြီး ငွေပေးချေတာတွေကို ဆက်လက် ဝန်ဆောင်မှု ပေးသွားမှာပါ။
“Wave Money နဲ့ Grab တို့ဟာ Mobile application တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ယာဉ်မောင်းတွေ တွက် ငွေကြေးကဏ္ဍ ထည့်သွင်းဆောင်ရွက် ခြင်းတွေကို လုပ်ကိုင်ဖို့ သဘောထားဟာလည်း ကျွန်တော်တို့မှာ ရှိနေပါတယ်။ ကျွန်တော်တို့ဟာ Wave Money နဲ့အတူ ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေအတွက် နိုင်ငံရဲ့ ဒီဂျစ်တယ်စီးပွားရေးစနစ်ထဲမှာ ဝန်ဆောင်မှုတွေကို ဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ် ” ဟု Grab မှ ကန်ထရီးမန်နေဂျာ Mr. Amrt Sagar က ပြောပါတယ်။
ယာဉ်မောင်းအနေနဲ့လည်း ငွေသားကိုင်ဆောင်စရာမလိုတာကြောင့် ခိုးယူခံရခြင်း ၊ ငွေသားပျောက်ဆုံးခြင်းတို့ ဖြစ်မှာကို စိုးရိမ်စရာမလိုဘဲ တစ်နိုင်ငံလုံးရှိ Wave Money ကိုယ်စားလှယ် ၉၀၀၀ ကျော်ဆီကနေ ငွေသားတွေ ပြန်လည်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
Grab က လာမယ့် ဇူလိုင်လထဲမှာ တက္ကစီကားအစီးရေ ၅ ထောင်နီးပါးနဲ့ တိုးချဲ့ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါသေးတယ်။
Grab သည် လက်ရှိ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာ စသည့် အရှေ့တောင်အာရှ (၇)နိုင်ငံတွင် ကုန်းလမ်း ခရီးသည် ပို့ဆောင်ရေးဝန်ဆောင်မှုကို လုပ်ဆောင်ပေး လျက်ရှိပါတယ်။