တရားရုံးချုပ်ကို ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်သူက စီအိုင်အေနှင့် ပတ်သက်ဟု ဗင်နီဇွဲလား အပြစ်ဖို့

တရားရုံးချုပ်ကို ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်သူက စီအိုင်အေနှင့် ပတ်သက်ဟု ဗင်နီဇွဲလား အပြစ်ဖို့

ကရာကတ်စ်၊ ဇွန် ၂၈ ။            ။ အာဏာဖီဆန်သော ရဲအရာရှိတစ်ဦးက ရဟတ်ယာဉ်ခိုးယူပြီး တရားရုံးချုပ်အား ဗုံးကြဲခြင်းနှင့် ပစ်ခတ်ခြင်းများ ကျုးလွန်မှုဖြစ်ပြီးနောက်တစ်ရက်တွင် ဗင်နီဇွဲလားနိုင်ငံ၏ နိုင်ငံရေးတင်းမာမှုက ဒီရေမြင့်တက်နေပြီဖြစ်သည်။

ဇွန် ၂၇ ရက် ညနေပိုင်းတွင် အစိုးရက ယခုတိုက်ခိုက်မှုမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ စီအိုင်အေနှင့် ဆက်နွယ်ပတ်သက်သူ အော်စကာပီရက်ဇ်ဆိုသူ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း အပြစ်ဆိုလိုက်သည်။ ပီရက်ဇ်သည် နိုင်ငံ၏ အမျိုးသားရဲဌာနမှ လေကြောင်းသယ်ယူပို့ဆောင်ရေးဌာနခွဲက အရာထမ်းတစ်ဦးဖြစ်ကြောင်း အစိုးရက ပြောသည်။

ကရာကတ်စ်မြို့ လာကာလိုတာ လေတပ်အခြေစိုက်စခန်းမှ ရဟတ်ယာဉ်ကို ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး ဝန်ကြီး အန်နက်စတိုက ပြောသည်။ ထိုပြင် လူပေါင်း ၈၀ နီးပါး လာရောက်ရှိနေသည့် ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း ၁၅ ချက် ပစ်ခတ်သွားကြောင်း ၎င်းက ပြောသည်။

ယင်းနောက် ပီရက်ဇ်သည် တရားရုံးချုပ်သို့ ဦးတည်ပျံသန်းပြီး စတင်ပစ်ခတ်သည့် အပြင် ကိုလံဘီယာနှင့် အစ္စရေးလုပ် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ တစ်လုံးက မပေါက်ကွဲဘဲ ရှိခဲ့ကြောင်း ဝန်ကြီးအန်နက်စတိုက ပြောသည်။

ယင်းတိုက်ခိုက်မှုသည် အရှိန်မြှင့်လုပ်ဆောင်နေသည့် အာဏာသိမ်းရန် ကြံစည်မှု၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ကြောင်း အန်နက်စတိုက အတည်ပြုပြောကြားသည်။

ပီရက်ဇ်သည် စီအိုင်အေ၊ အမေရိကန်သံရုံးနှင့် ယခင် ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီးတို့နှင့် နှီးနွှယ်စပ်ဆက်မှု ရှိသည်ဆိုခြင်းအပေါ် စုံစမ်းနေသည်ဟု ၎င်းက ပြောခဲ့သည်။

တိုက်ခိုက်မှု ကျုးလွန်သူ ပီရက်ဇ်ကို ဖမ်းမိရေး လက်နက်ကိုင်တပ်နှင့် လုံခြုံရေးအေဂျင်စီများ ပိုက်စိပ်တိုက် ဖြန့်ကြက်ထားကြောင်း၊ ရဟတ်ယာဉ်ကို ပြန်လည်တွေ့ရှိရမိပြီဖြစ်ကြောင်း အန်နက်စတိုက ဆိုသည်။

ပီရက်ဇ်နှင့် ပတ်သက်သည့် မည်သည့်သတင်းမဆို အာဏာပိုင်များကို အကြောင်းကြားရန်လည်း တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags