သတင်းယူခွင့်နှင့် ရေးသားပြောဆိုခွင့်များအား ဖိနှိပ်ထားသည့် ဥပဒေများ ရုပ်သိမ်းရန် တိုင်းရင်းမီဒီယာညီလာခံမှ တောင်းဆို

သတင်းယူခွင့်နှင့် ရေးသားပြောဆိုခွင့်များအား ဖိနှိပ်ထားသည့် ဥပဒေများ ရုပ်သိမ်းရန် တိုင်းရင်းမီဒီယာညီလာခံမှ တောင်းဆို

လွိုင်ကော်၊ ဇွန် ၂၈ ။          ။ သတင်းရယူခွင့်နှင့် ရေးသားပြောဆိုခွင့်များအား ဖိနှိပ်ထားသည့် ဥပဒေများ ရုပ်သိမ်းပေးရန်  ၅ ကြိမ် မြောက် ပြုလုပ်ခဲ့သည့် တိုင်းရင်းမီဒီယာညီလာခံမှ ညီလာခံံ ဆုံးဖြတ်ချက်အရ တောင်းဆိုလိုက်သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဇွန်လ ၂၆ မှ ၂၈ ရက် အထိ ၃ ရက်ကြာ ပြုလုပ်သည့် ညီလာခံ နောက်ဆုံးရက်အပြီး ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုလိုက်ခြင်းလည်းဖြစ်သည်။

“ ညီလာခံပထမနေ့ ကျင်းပနေစဉ်ကာလမှာပင် TNLA နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်သော သတင်းရယူရန် သွားရောက်သည့် ဧရာဝတီသတင်းဌာနမှ သတင်းထောက်တစ်ဦးနှင့် ဒီဗီဘီသတင်းဌာနမှ သတင်းထောက် (၂) ဦးကို အစိုးရတပ်မတော်မှ ဖမ်းဆီးလိုက်ကြောင်း သိရှိရပါတယ်။ ဒါကြောင့် ယခု ညီလာခံကို ရောက်ရှိနေသည့် သတင်းမီဒီယာ ကိုယ်စားလှယ်များက ဖမ်းဆီးထားသည့် သတင်းထောက်များအား အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ သတင်းရယူခွင့်နှင့် ရေးသားပြောဆိုခွင့် အခွင့်အရေးများအား ဖိနှိပ်ထားသည့် ဥပဒေများ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ပါ တယ် ” ဟု ညီလာခံဦးဆောင်ကျင်းပသည့် အဖွဲ့တစ်ခုဖြစ်သည့် BIN မှ နိုင်ကဆုမွန် က ပြောသည်။

ယခုကဲ့သို့ ငြိမ်းချမ်းရေးတည်ဆောက်နေသည့်ကာလတွင် ငြိမ်းချမ်းရေးသတင်းထောက်များ၏ လွတ်လပ်စွာသတင်းရယူရေး၊ ၎င်းတို့၏လုံခြုံရေး နှင့်အကာအကွယ်ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

ထို့အပြင် (၃) ရက်တာ ညီလာခံတွင်ဆွေးနွေးချက်များအရ တိုင်းရင်းသားမီဒီယာများအနေဖြင့် ဆက်လက်တောင်းဆို အကောင်အထည်ဖော်ရမည့် အချက် ၄ ချက်ကိုလည်း ထုတ်ပြန်ခဲ့ပြီး ဆဋ္ဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံအား ကရင်ပြည်နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ယခုညီလာခံမှ ဆုံးဖြတ်ချက်ချခဲ့သည်။

ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းသည့် မီဒီယာဆိုင်ရာဥပဒေ၊ နည်းဥပဒေများတွင် တိုင်းရင်းသား မီဒီယာ အခန်းကဏ္ဍ အားနည်းနေသည့်အပေါ် အစိုးရအားလည်းကောင်း၊ သတင်းမီဒီယာကောင်စီနှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများအား ဆက်လက် ဆွေးနွေးဆောင်ရွက်သွားရန်လည်း ညီလာခံမှ ဆုံးဖြတ်သည်။ ပြည်နယ်အသီးသီးတွင် တိုင်းရင်းသားမီဒီယာများအား အသိအမှတ်ပြုရေးအတွက် ပြည်နယ်လွှတ်တော်/ အစိုးရနှင့် လူမှုအဖွဲ့စည်းများအား အသိပေးဆွေးနွေးမှုများ (Awareness Dialogue) လုပ်ဆောင်သွားရန်လည်း ဇွန် ၂၈ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နေသည့်ကာလတွင် တိုင်းရင်းသားမီဒီယာများ၏ အခန်းကဏ္ဍပီပြင်ရေး၊ သတင်းလွတ်လပ်စွာ ရယူခွင့်ရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ရပ်တည်ရေး တို့အတွက် တိုင်းရင်းသားမီဒီယာမူဝါဒ (မူကြမ်း) တစ်ရပ်ကို ရေးဆွဲသွားရန်လည်း ပါရှိသည်။

ပဉ္စမအကြိမ်မြောက်တိုင်းရင်းသားမီဒီယာညီလာခံကို တိုင်းရင်းသားပြည်နယ် (၇) ပြည်နယ်မှ တိုင်းရင်းသားမီဒီယာအဖွဲ့အစည်းများ၊ ရန်ကုန်/ မန္တလေးအခြေစိုက် ပင်မမီဒီယာအဖွဲ့အစည်းများ၊ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် ကိုယ်စားလှယ် (၁၇၆) ဦး တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly