အမေရိကန်သံရုံးရှေ့ဆန္ဒပြသည့် ၀င်းကိုကိုလတ်ပါ ၃ ဦးအမှုကို ဇူလိုင် ရ ရက်တွင် ထပ်မံရုံးချိန်းပေး

အမေရိကန်သံရုံးရှေ့ဆန္ဒပြသည့် ၀င်းကိုကိုလတ်ပါ ၃ ဦးအမှုကို ဇူလိုင် ရ ရက်တွင် ထပ်မံရုံးချိန်းပေး
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်   ဇွန်   ၂၈ ။              ။ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြခဲ့သည့် ဝင်းကိုကိုလတ်၊ နောင်တော်လေး၊ ဖိုးသားတို့ ၃ ဦး၏အမှုကို ဗဟန်းတရားရုံးက လာမည့် ဇူလိုင် ၇ ရက်တွင် အမိန့်ချမည်ဟု ထပ်မံရုံးချိန်းပေးလိုက်ကြောင်း ရခိုင်လူငယ်များအဖွဲ့ အတွင်းရေးမှူး ဦးမောင်လေးက ပြောသည်။

ဗဟန်းတရားရုံးက ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ ဖြင့် စွဲထားသည့်အမှုကို ဇွန်လ ၂၈ ရက်တွင် အပြီးသတ်အမိန့် ချမည်ဖြစ်သော်လည်း ပုဒ်မ ၅ဝ၅(ခ) ဖြင့် စွဲဆိုထားသည့်အမှုတွင် တရားလိုပြသက်သေ မလာနိုင်သော ကြောင့် ယင်းသို့ထပ်မံချိန်းဆိုခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

"ဒီနေ့က ပထမစွဲထားတဲ့ ငြိမ်းစုစီ ၁၉ ပေါ့၊ ဒါကို အမိန့်ချမယ်ဆိုပြီး ဒီတစ်ပတ်ရုံးချိန်းရှိတာ။ ဒါပေမယ့် ဒီအပတ်မှာ တရားသူကြီးကနေပြီးတော့ လက်ရှိစွဲထားတဲ့ ၅၀၅ ဖြစ်စဉ်အမှုနဲ့ ဖြစ်စဉ်တူတယ်။ အစွပ်စွဲခံ ရတဲ့ ပုဂ္ဂိုလ်တွေကလည်း အတူတူပဲဆိုပြီး ၅၀၅ စီရင်ချက်ချတဲ့နေ့မှာပဲ ဒီငြိမ်းစုစည်း ၁၉ ကို တစ်ခါတည်း အမိန့်ပေါင်းချမယ်ဆိုပြီး အမိန့်ချတယ်။ ပြီးတော့ ၅၀၅ (ခ)မှာလည်း တရားလိုပြသက်သေမလာဘူး။ ပြီးခဲ့တဲ့ အပတ်ကလည်း မလာဘူး။ ရှေ့အပတ် ၇ ရက်နေ့၊ သောကြာ ပြန်ချိန်းထားတယ်။" ဟု ရခိုင်လူငယ် များအဖွဲ့ အတွင်းရေးမှူး ဦးမောင်လေးက ပြောသည်။

၎င်းက ဆက်လက်၍ "ငြိမ်းစုစီနဲ့စွဲတာကို အတိုင်းအတာတစ်ခုအထိ လက်ခံတယ်။ ဒါပေမယ့် ၅၀၅ (ခ)နဲ့ စွဲတာကိုတော့ လုံးဝလက်မခံဘူး။ မတရားစွပ်စွဲတယ်လို့ ထင်တယ်။ ဒီ ၃ ယောက်ကို အပြင်မှာနေလို့မရအောင် ဒီ ၅၀၅ (ခ) နဲ့စွဲပြီးတော့ အထဲမှာအချုပ်နဲ့တရားရင်ဆိုင်ရအောင် အထဲကိုသွင်းထားတယ်လို့ တစ်ထစ်ချယုံကြည်တယ်" ဟု ရခိုင်လူငယ်များအဖွဲ့ အတွင်းရေးမှူး ဦးမောင်လေးက ဆက်လက်ပြောသည်။

၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကောင်စီညီလာခံတွင် "ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအဝိုင်း"ဟု သုံးနှုန်းခဲ့ခြင်းကို လက်မခံသည့်အတွက် ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်က ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီးရှေ့မှ တာမွေလူထုဟစ်တိုင်ထိ လမ်း လျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည့်အတွက် တရားစွဲဆိုခြင်းဖြစ်သည်။

၎င်းတို့ ၃ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမျိုးသားရေးတက်ကြွလှုပ်ရှားသူဟုဆိုသူများက ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်ကလည်း ဗဟန်းမြို့နယ်၊တရားရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly