ဖမ်းဆီးထားတဲ့ သတင်းသမားသုံးယောက် ချက်ချင်းလွှတ်ပေးရန် နိုင်ငံတကာဂျာနယ်လစ်များ အဖွဲ့ ထုတ်ပြန်

ဖမ်းဆီးထားတဲ့ သတင်းသမားသုံးယောက် ချက်ချင်းလွှတ်ပေးရန် နိုင်ငံတကာဂျာနယ်လစ်များ အဖွဲ့ ထုတ်ပြန်

ရန်ကုန် ၊ ဇွန် ၂၈ ။            ။ TNLA နယ်မြေတွင် သတင်းသွားယူခဲ့သည့် သတင်းသမား ၃ ဦးကို တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဂျာနယ်လစ်များအဖွဲ့(IFJ) က ချက်ချင်းလွှတ်ပေးရန် ကြေညာချက်တစ်စောင်ကို ယနေ့ ဇွန်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

 ယင်းထုတ်ပြန်ချက်ကို မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း(MJA) နှင့်ပူးပေါင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးထိမ်းသိမ်း ခံထားရသည့် DVB သတင်းဌာနမှ ကိုအေးနိုင်၊ ပြည့်ဖုန်းနိုင်နှင့် ဧရာဝတီက သတင်းထောက်ဌာနမှ ကိုသိန်းဇော် တို့အား မြန်မာမီဒီယာ လွတ်လပ်ခွင့်အပေါ် အာမခံပေးနိုင်ရန် ချက်ချင်းလွှတ်ပေးသင့်ကြောင်း ဖော်ပြထားသည်။

" မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တိုးလာတယ်လို့ IFJ က ယူဆပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်၊ လတွေမှာ သတင်းရယူခွင့်က ဆက်လက်ဆိုးနေဆဲပါပဲ။ ပြည်တွင်းသတင်းထောက်တွေ လုံခြုံရေးအတွက် မေးခွန်းထုတ်စရာတွေက မြင့်တက်လာပါတယ်" လို့ နိုင်ငံတကာ ဂျာနယ်လစ်များအဖွဲ့(IFJ) က ယင်းထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်က TNLA နယ်မြေ၌ ကျင်းပသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအခမ်းအနား သို့ သတင်းသွား ယူပြီး ပြန်လာသည့် DVB သတင်းဌာနမှ ကိုအေးနိုင်၊ ပြည့်ဖုန်းနိုင်နှင့် ဧရာဝတီသတင်းဌာနမှ ကိုသိန်းဇော်တို့အား တပ်မတော်မှ မတရားအသင်း ဆက်သွယ်မှု ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံ ရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယင်းသတင်းသမားများအား ယနေ့တွင် ရဲတပ်ဖွဲ့သို့လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အကယ်၍ ပြစ်မှုထင်ရှားပါက အဆိုပါသတင်းသမားများကို ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည် ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags