ရခိုင်ရေဘေးအတွက် အထောက်အပ့ံများ အမြန်ဆုံးကူညီပေးရန် သံဃာတော်နှစ်ပါး စစ်တွေတွင် ဆန္ဒပြ

ရခိုင်ရေဘေးအတွက် အထောက်အပ့ံများ အမြန်ဆုံးကူညီပေးရန် သံဃာတော်နှစ်ပါး စစ်တွေတွင် ဆန္ဒပြ

စစ်တွေ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်တွင် ရေဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသူများအပေါ် ပြည်နယ်အစိုးရအဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အထောက်အပံ့ ပစ္စည်းများ အမြန်ဆုံး ကူညီပေးရန် သြဂုတ် ၃ ရက်က စစ်တွေမြို့၌ ဦးဇင်းနှစ်ပါး လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ရခိုင်ပြည်နယ်အစိုးရက ရေဘေးဒုက္ခသည်များကို ကူညီထောက်ပံ့မှုများ အားနည်းခြင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက လာရောက်ကူညီပေး မှုမရှိခြင်းကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဦးကေသာရက မိန့်ကြားသည်။

“ရခိုင်ပြည်မှာ ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ ရခိုင်သားတွေကို ပြည်နယ်အစိုးရအဖွဲ့နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီပေးမှုမရှိဘူး၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ရခိုင်သားဆိုရင်ဘာမှမပေးဘူး။ အရင်က အကူအညီမှာ လက်မထောင်ခဲ့တာဟာ အခုဘာလုပ်နေကြလဲ မသိဘူး။ ဘင်္ဂလီတွေပဲ ပေးမှာလား ရခိုင်တွေကိုလည်း ပေးပါ။ ပြည်နယ်အစိုးရအနေနဲ့လည်း ဘာလုပ်နေကြလဲ အကူအညီပေးတာတွေ နည်းနေတယ်။ ဒါကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်။ ” ဟု မိန့်သည်။ 

လက်ရှိအချိန်တွင် ရေကြီးမှုများကြောင့် ဒုက္ခရောက်နေသူများမှာ အကူအညီများလိုအပ်နေပြီး လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကများကသာ သွားရောက်အကူအညီပေးနေကြပြီး ရခိုင်ပြည်နယ်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက အကူအညီပေးမှုများ မရှိကြောင်း ဆရာတော်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly