တက္ကသိုလ်မသန်စွမ်းပညာသင်ဆု အစီအစဉ်ကို ယခုနှစ်အတွက် လျှောက်ထားနိုင်

တက္ကသိုလ်မသန်စွမ်းပညာသင်ဆု အစီအစဉ်ကို ယခုနှစ်အတွက် လျှောက်ထားနိုင်

ရန်ကုန်၊ဇွန် ၂၈ ။           ။ တက္ကသိုလ်ပညာကို ဆက်လက်ဆည်းပူးရန် အခက်အခဲရှိသော မသန်စွမ်းကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်ထားသော ပညာသင်ဆုအစီအစဉ်ကို  ၂၀၁၇- ၂၀၁၈ပညာသင်နှစ်အတွက် လျှောက်ထားနိုင်ပြီဖြစ်ကြောင်းသိရသည်။

“အဝေးသင်ကျောင်းသားတွေကို တစ်နှစ်ကို ငါးသိန်း၊ Day(နေ့)ကျောင်းသားတွေကိုဆို တစ်လကို တစ်သိန်းခွဲ ပညာသင်ဆုအဖြစ် ပေးသွားမှာပါ။ စာမေးပွဲအောင်နေသရွေ့ ပညာသင်ဆုရနေမှာပါ။ စာမေးပွဲ ကျရင်တော့ ပညာသင်ဆုကို ရပ်နားလိုက်မှာပါ။ အခုလက်ရှိပညာသင်ဆုရထားတဲ့ ကျောင်းသားအရေအတွက်က အဝေးသင်(၃၈)ဦး၊ နေ့ကျောင်းသား (၁၆)ဦး ရှိသွားပါပြီ” ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

တက္ကသိုလ်မသန်စွမ်းပညာသင်ဆုကို မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ပြီး ငွေကြေးအခက်အခဲရှိသော တက္ကသိုလ်ပညာကို သင်ယူမည့် ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ အမြင်အာရုံချို့ယွင်းအားနည်းသူများ၊ အပြော သို့မဟုတ် အကြားအာရုံချို့ယွင်းသူများ ၊ ညဏ်ရည်မသန်စွမ်းသူများ၊ အနာကြီးရောဂါ ခံစားနေရသူများနှင့် နာတာရှည်ရောဂါခံစားနေရသူများ မည်သူမဆို လျှောက်လွှာများပေးပို့   လျှောက်ထားနိုင်ကြောင်း  သိရသည်။ ပဏာမအဆင့်ရွေးချယ်ခံရသူများကို လူတွေ့အင်တာဗျုးခေါ်ယူကာ ဆုံးဖြတ်သွားမည်ဖြစ်သည်။

ယင်းပညာသင်ဆုကို တစ်နှစ်လျှင် ၂၅ဦး ရွေးချယ်ပေးအပ်လေ့ရှိပြီး အကြောင်းကြောင်းကြောင့် ရွေးချယ်ခံရသည့် မသန်စွမ်းကျောင်းသားကျောင်းသူအရေအတွက်မှာ ၂၅ဦးထက် ပိုနေပါက ခြွင်းချက်အဖြစ် ပညာသင်ဆုပေးအပ်ခြင်းမျိုး ရှိတတ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က ပြောသည်။

အဆိုပါပညာသင်ဆုအစီအစဉ်ကို နိပွန်ဖောင်ဒေးရှင်း၊ ဧဒင်လုပ်ငန်းစု၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဦးဆောင်စီစဉ်ကာ မြန်မာမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI)၏ ပူးပေါင်းမှုဖြင့် ၂၀၁၄ခုနှစ်ကတည်းက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ရွေးချယ်ခံရသူများအတွက် ပညာသင်ဆုထောက်ပံ့ကြေးများကို ဘဏ်မှတဆင့်ထုတ်ယူနိုင်မည်ဖြစ်သည်။

အဆိုပါပညာသင်ဆုကို လျှောက်ထားလိုသူများအနေနှင့် လျှောက်လွှာပုံစံများကို မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ရုံးချုပ်နှင့် ရုံးခွဲများ၊ မြန်မာ့ရှေ့ဆောင်ဘဏ် ရုံးချုပ်နှင့် ဘဏ်ခွဲများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ရုံးခွဲများတွင် အခမဲ့ရယူနိုင်ပြီး လျှောက်လွှာရယူရန် အခက်အခဲရှိသော ကျောင်းသားကျောင်းသူများအနေနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ရုံးချုပ် ဖုန်းနံပါတ် ၀၉-၄၄၄၀၃၅၉၈၃သို့ ဆက်သွယ်ပြီး လျှောက်လွှာအခမဲ့တောင်းယူနိုင်ကြောင်း သိရသည်။

လျှောက်လွှာများကို စက်တင်ဘာလ ၃၀ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့သို့ စာတိုက်မှဖြစ်စေ၊ အီးမေးလ် သို့မဟုတ် ဖက်စ်မှ ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ   ပေးပို့နိုင်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ၁.၃သန်း (နိုင်ငံလူဦးရေ၏ ၂.၃၂ ရာနှုန်း) ရှိသည့်အနက် ဘွဲ့ရမသန်စွမ်းသူမှာ မသန်စွမ်းသူ စုစုပေါင်း၏ ၁ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၀၉ခုနှစ် ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly