စင်္ကာပူတွင် တိုက်ပေါ်မှခုန်ချသေဆုံးသည့် အိမ်အကူမိန်းကလေး၏ အဘိုးအဘွားအား အကူညီပေးရန် စင်္ကာပူဒေါ်လာ နှစ်သောင်းကျော်လွှဲပေးမည်

စင်္ကာပူတွင် တိုက်ပေါ်မှခုန်ချသေဆုံးသည့် အိမ်အကူမိန်းကလေး၏ အဘိုးအဘွားအား အကူညီပေးရန် စင်္ကာပူဒေါ်လာ နှစ်သောင်းကျော်လွှဲပေးမည်
ဓာတ်ပုံ- စလုံး

ရန်ကုန်၊ ဇွန်လ ၂၈ ။              ။ စင်ကာပူနိုင်ငံရှိ အထပ်မြင့် ကွန်ဒိုတိုက်ခန်း ၁၈ လွှာမှ ခုန်ချအဆုံး စီရင်ခဲ့သော မြန်မာမိန်းကလေး မဇင်မာဦး၏ ကျန်ရှိသည့် အဘိုးအဘွားအား ကူညီထောက်ပံ့ရန် စင်ကာပူနိုင်ငံတွင် ကောက်ခံရရှိခဲ့သည့် အလှူငွေ စင်ကာပူ ဒေါ်လာ ၂ဝ၉၁၇ ဒသမ ၉၈ အား ယနေ့ ဇွန်လ ၂၈ ရက်တွင် စစ်တွေမြို့သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း စာရေးဆရာ ကိုဝေဟင်အောင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ အလှူငွေ စင်ကာပူဒေါ်လာ ၂ဝ,ဝဝဝ ကျော်အား  ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကမ္ဘောဇဘဏ်တွင် ဖွင့်ထားသော Joint Account သို့ စင်ကာပူနိုင်ငံမှ လွှဲပြောင်းပေးမည်ဖြစ်သည်။

သေဆုံးသူမဇင်မာဦး၏ ရခိုင်ပြည်နယ်တွင် ကျန်ရှိသည့် အဖိုးအဖွားများအား ကူညီထောက်ပံ့ရန်အတွက် အဆိုပါ စင်ကာပူနိုင်ငံမှ ကောက်ခံရရှိသော အလှူငွေ စင်ကာပူဒေါ်လာ ၂ဝ, ဝဝဝ ကျော်အပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း အလှူငွေ ကျပ် ၃၂ သိန်းရရှိထားပြီး စုစုပေါင်း ကျပ်သိန်း ၂၁ဝ ကျော်ခန့်ရှိကြောင်း စာရေးဆရာ ကိုဝေဟင်အောင်က ပြောသည်။

“ဒီရရှိထားတဲ့ အလှူငွေတွေကို အဖိုးနဲ့ အဖွားအတွက် တစ်လကို ကျပ်တစ်သိန်းခွဲစီ ထောက်ပံ့သွားမယ်။ အသက်ရှင်သမျှ ကာလပတ်လုံးပေါ့။ ဆေးရုံတက်ရင်တော့ ဒီထဲကနေ ပိုက်ဆံ ငါးသိန်းကို ကျွန်တော်တို့ ပုံမှန်ထုတ်ပေးသွားမယ်။ အဖိုးအဖွားအတွက် အိမ်ကိုတော့ နိုဝင်ဘာလမှာ ဆောက်ပေးသွားမယ်။ ရခိုင်မှာက ဒီရာသီက အရမ်းမိုးများတယ်။ အိမ်ဆောက်လို့လည်း ဒီအချိန်မှာတော့ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် နိုဝင်ဘာလလောက်မှာ သိန်းသုံးဆယ်လောက်နဲ့ ကျွန်တော်တို့ အိမ်တစ်လုံးဆောက်ပေးသွားမယ်”ဟု ကိုဝေဟင်အောင်က ဆိုသည်။

မဇင်မာဦး၏ အဖိုးနှင့် အဖွားဆုံးပါးချိန်တွင် အလှူငွေများ ကျန်ရှိပါက ပရဟိတအဖွဲ့တစ်ခုခုသို့ လှူဒါန်းပေးသွား မည်ဖြစ်ကာ ယခုရရှိထားသောအလှူငွေများကို စနစ်တကျထိန်းသိမ်းရန် Helping Hands Charity အဖွဲ့ ဖွဲ့ ထားပြီး ယင်းအဖွဲ့မှ အဖိုးနှင့် အဖွားအား လစဉ်ထောက်ပံ့ကြေးများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိက ကျွန်တော်တို့ကို အကြံဉာဏ်ပေးတာကတော့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်ပါ။ သူက ကျွန်တော်တို့အတွက် လိုအပ်တဲ့ ပုံစံမျိုးတွေကို တရားဥပဒေလမ်းကြောင်းအရ၊ ငွေကြေးစီမံမှုပိုင်းတွေအရ သူက ရှေ့နေရှေ့ရပ်တစ်ယောက်အနေနဲ့ အစစအရာရာ ကူညီဆောင်ရွက်ပေးနေတာပေါ့”ဟု ကိုဝေဟင်အောင်က ပြောသည်။

အဆိုပါ စင်္ကာပူနိုင်ငံရှိ ကွန်ဒိုတိုက်ခန်း ၁၈ လွှာမှ ခုန်ချအဆုံးစီရင်ခဲ့သော  အသက် ၂၁ နှစ်အရွယ် မြိုတိုင်း ရင်းသူ မဇင်မာဦးမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဂူတလုကျကျေးရွာတွင် နေထိုင်သူဖြစ်ပြီး စင်္ကာပူနိုင်ငံတွင် အိမ်အကူအဖြစ်လုပ်ကိုင်သည်မှာ ၁၁ လခန့်ရှိပြီ ဖြစ်သည်။

မဇင်မာဦး ၁၈ လွှာမှ ခုန်ချကာ အဆုံးစီရင်ခဲ့ပြီးနောက် ဗီဒီယိုဖိုင်များမှာ လူမှုကွန်ရက်စာမျက်နှာတွင် ဇွန်လ ၁၃ ရက် နံနက်ပိုင်းမှ စတင်ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး ကွန်ဒိုတိုက်ခန်းမှ မခုန်ချမီ ကယ်ဆယ်ရန်ကြိုး စားနေသည့် ဗီဒီယိုဖိုင်များနှင့် ခုန်ချအဆုံးစီရင်သည့် ဗီဒီယိုဖိုင်များလည်း ပါရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မဇင်မာဦးကို စင်္ကာပူသို့ ပို့ဆောင်ခဲ့သောပွဲစားများအား ပြည်ပ အလုပ်အကိုင် ဆိုင်ရာ ဥပဒေပုဒ်မ - ၂၆ ဖြင့် ကြည့်မြင်တိုင်မြို့နယ်ရဲစခန်းတွင် ဇွန်လ ၁၄ ရက်နေ့က အမှုဖွင့် ထားကြောင်း အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly