ရိုးမားကွင်းလယ်လူနိုင်ဂိုလန်ကို ခေါ်ယူရန် မန်ယူအသင်း ပြင်ဆင်နေ

ရိုးမားကွင်းလယ်လူနိုင်ဂိုလန်ကို ခေါ်ယူရန် မန်ယူအသင်း ပြင်ဆင်နေ

ဇွန် ၂၈၊ အင်္ဂလန် ။             ။ မန်ယူအသင်းသည် ရိုးမားကွင်းလယ်ကစားသမား နိုင်ဂိုလန်ကို ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူရန် ပြင်ဆင်နေသည်ဟု အီတလီသတင်းစာ Gazzetta dello Sport က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ကွင်းလယ်အဖျက်ကစားသမားနေရာကို အားဖြည့်ရန် ချယ်လ်ဆီးကွင်းလယ်လူ မာတစ်ကို ခေါ်ယူရန် ကြိုးပမ်းနေပြီး ယခု နိုင်ဂိုလန်နှင့် သတင်းထပ်ထွက်လာခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံး၏ပြောင်းရွှေ့ကြေးပမာဏမှာ အတူတူပင် ဖြစ်သည်။

မန်ယူနည်းပြမော်ရင်ဟိုမှာ နိုင်ဂိုလန်နှင့်နီးစပ်သူများကို ဆက်သွယ်ခဲ့ပြီး ဖြစ်ကြောင်းလည်း အဆိုပါ အီတလီသတင်းစာက ဆိုသည်။ မန်ယူအသင်းသည် နိုင်ဂိုလန်ကို တစ်ပတ်လုပ်ခလစာငွေ ပေါင် ၁၂၅,၀၀၀ ဖြင့် စာချုပ်ချုပ်ဆိုမည် ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား နိုင်ဂိုလန်ကို ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်းမှ ကမ်းလှမ်းခဲ့သေးသော်လည်း ငြင်းပယ်ခဲ့သည်။

နိုင်ဂိုလန်သည် ရေကူးကန်အတွင်း အဝေးသို့ငေးနေသည့်ပုံကို သူ၏လူမှုဝက်ဆိုက်စာမျက်နှာတွင် တင်ခဲ့ပြီး ‘ဘာလုပ်ရင်ကောင်းမလဲ တွေးနေတယ်’ ဟု ရေးသားခဲ့သည်။

ရိုးမားအသင်း၏အားကစားဒါရိုက်တာသစ် မွန်ချီကလည်း နိုင်ဂိုလန်ကိုရောင်းချကာ အသင်းကို ပြန်လည်တည်ဆောက်လိုနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly