ဆယ်ကျော်သက် လူငယ်များပါ၀င်သော အုပ်စုဖွဲ့၍ လုယက်မှုကျူးလွန်သူများကို ဖမ်းမိ

ဆယ်ကျော်သက် လူငယ်များပါ၀င်သော အုပ်စုဖွဲ့၍ လုယက်မှုကျူးလွန်သူများကို ဖမ်းမိ
Photo-Yangon Police
 

ရန်ကုန်၊ ဇွန် ၂၇ ။          ။ ဆယ်ကျော်သက် လူငယ်များပါဝင်သော အုပ်စုဖွဲ့၍ ဖုန်းလုယက်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ ည ၉နာရီခွဲအချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ရှေ့တွင် Probox အဖြူရောင် အငှားယာဉ်ဖြင့် လိုက်ပါလာသော လူငယ်အဖွဲ့လိုက်က အမျိုးသားတစ်ဦးဆီမှ ဖုန်းလုယက်မှု ကျူးလွန်ခဲ့ရာမှ ဖမ်းမိခြင်း ဖြစ်သည်။

စမ်းချောင်းမြို့နယ်နေ ကိုမျိုးသူထံမှ ဇွန်လ ၁၉ ရက်နေ့ ည ၉နာရီခွဲအချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ရှေ့တွင် လုယူခဲ့ခြင်းဖြစ်ပြီး ယင်းနေ့မှာတွင် တောင်ဥက္ကလာဘက်၌ လမ်းလျှောက်နေ သူ အမျိုးသား ၁ ဦးအား ရိုက်နှက်၍ ဖုန်းကို လုယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၉ ရက်နေ့ ည ၈နာရီ အချိန်ခန့်တွင် ယင်း လူငယ်အဖွဲ့က ဗိုလ်တထောင်စေတီ အနီးရှိ ထမင်းဆိုင်တွင် ထမင်းစားခဲ့ကြပြီးနောက် 4J--- Probox ယာဉ်ဖြင့် တောင်ဥက္ကလာပမြို့နယ် ဘက်သို့ သွားရောက်ကာ ၁၄/၁၅ လမ်းဆုံအနီးဘဏ်ရှေ့အရောက်၌လမ်းလျှောက်နေသူ အမျိုးသား တစ်ဦးအား ကြက်ဖ(ခ) ဇော်ရှိန်းပါ(၄)ဦးတို့မှ ဝိုင်းဝန်းရိုက်နှက်၍ Huawei P 9 အမျိုးအစား ဖုန်းတစ်လုံးအား လုယက်ခဲ့ကြောင်း၊ ထို့နောက် ပြည်သူ့ရင်ပြင်ရှေ့တွင် ထပ်မံ လုယက်ခဲ့ခြင်း ဖြစ်သည်။

အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များက ယင်းနေ့မှာပင် ချက်ချင်းဖမ်းဆီးရမိခဲ့သဖြင့် ဒဂုံမြို့မရဲစခန်း (ပ)၁၀၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ဖြင့်အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ပြစ်မှုကျူးလွန်သူများမှာ  ကြက်ဖ(ခ)ဇော်ရှိန်း၊ (၂၂)နှစ်၊ တောင်ဥက္ကလာပမြို့နယ်နေ မွှေးနီ (ခ)ကျော်ဇင်လတ်၊ (၂၆)နှစ်၊သာကေတမြို့နယ်နေ ဝင်းမင်းထွန်း(ခ)အုန်းကျော်၊ (၁၈)နှစ်၊ တောင်ဥက္ကလာပမြို့နယ်နေ ရန်နိုင်(ခ)ဇင်မင်းဦး၊ (၂၀)နှစ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ
ဖိုးထောင်(ခ) သန့်ဇင်ထွေး၊ (၂၆)နှစ်၊ ရဲရင့်(ခ)ရခိုင်(ခ)စိုးမင်းနိုင်၊ (၂၁)နှစ်၊ ဝေယံ(ခ)ဇွဲညီ(ခ) ဝက်ကလေး၊ (၁၈)နှစ်၊ ဗဟန်း မြို့နယ်နေ အိကြူစံ(ခ)ခန့်ငြိမ်းသူ၊ သျှားနဒီ(ခ)မြတ်သူစံ၊ သားသား(ခ)ဆင့်ဆင့်နိုင်၊ သန်လျင်မြို့နယ်နေ သံစဉ်ချို(ခ)အေးစုစံတို့အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

၎င်းလူငယ်အဖွဲ့အား စစ်ဆေးရာ ဇွန်လ ၁၆ ရက်နေ့ နံနက် ၃ နာရီ အချိန်တွင် တာမွေမြို့နယ်ရှိ နိုက်ကလပ်ရှေ့တွင် လူငယ်တစ်ဦးထံမှ Vivo အမျိုးအစား လက်ကိုင်ဖုန်း အား ခိုးယူခဲ့ကြောင်း၊ ၂၀၁၇ခုနှစ်၊ မတ်လနှင့်မေလများအတွင်းက ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင် နှင့် ဗဟန်းမြို့နယ်ရှိ အင်းယားကန်ဘောင်ပေါ်တို့တွင်အိပ်ပျော်နေသူများထံမှ Huawei 610 ဖုန်း(၁)လုံး၊ SAMSUNG J7 ဖုန်း(၁)လုံး၊ SAMSUNG Grand 2 ဖုန်း(၁)လုံး၊ Oppo Neo 7 ဖုန်း(၁)လုံးနှင့်Mi Note 3 အမျိုးအစားလက်ကိုင် ဖုန်း(၁)လုံး စုစုပေါင်း (၅)လုံးတို့အား ခိုးယူရောင်းချထားကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

ပေါ်ပေါက်ချက်များအရ သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းကာသက်ဆိုင်ရာရဲစခန်းများ တွင် အမှုများ အသီးသီး ရေးဖွင့်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly