KIO နှင့် ယခင်အစိုးရကြား ငြိမ်းချမ်းရေးအကျိုးဆောင်ခဲ့သူ ဒေါက်တာစဘွဲဂျွမ် ကွယ်လွန်

KIO နှင့် ယခင်အစိုးရကြား ငြိမ်းချမ်းရေးအကျိုးဆောင်ခဲ့သူ ဒေါက်တာစဘွဲဂျွမ် ကွယ်လွန်

ချင်းမိုင်၊ ဇွန် ၂၇ ။                 ။ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ခဲ့သော အသက် ၈၃ နှစ် သိက္ခတော်ရ ဆရာကြီး ဒေါက်တာ လထော်စဘွဲဂျွမ်သည် ဇွန်လ ၂၆ ရက် ညနေ ၇ နာရီကျော်ချိန်က ကွယ်လွန်သွားပြီ ဖြစ်သည်။

ဒေါက်တာစဘွဲဂျွမ်၏ သမီး လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းတွင် လုပ်ဆောင်နေသူ ဆရာမ ဒေါ်လထော်ဂျာနန်က သူ၏ ဖခင်ကို အလုပ်လုပ်ခဲ့ပြီး နေထိုင်ခဲ့သည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်   မြေမြှပ်သဂြိုဟ်မည်ဖြစ်ကြောင်း သူမ၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

“သူ(ဖခင်)က သူ့ဘဝရဲ့ အချိန်ကာလအတွင်း ငြိမ်းချမ်းသော ကချင်ပြည်နယ်နဲ့ တိုင်းပြည်ဖြစ်ဖို့ မျော်လင့်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူက ကျွန်မတို့ကို ထားသွားခဲ့ပါပြီ”ဟု ရေးသားထားသည်။

ဒေါက်တာစဘွဲဂျွမ်သည် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဌဟောင်း ဦးဘရန်ဆိုင်းလက်ထက်က KIOနှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေးအတွက် အကျိုးဆေင်ပေးခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။

သူသည် KIOနှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေးအတွက် အကျိုးဆေင်ရန် ဖွဲ့စည်းခဲ့သော ငြိမ်းဖောင်းဒေးရှင်း (shalom Foundation)ကို ၂၀၀၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

၂၀၁၄ ခုနှစ်ကတည်းက နာမကျန်းဖြစ်၍ ၎င်းဖောင်ဒေးရှင်းမှ ရပ်နားလိုက်ရကာ လက်ရှိ သူ၏ သမီးဖြစ်သူ ဆရာမ ဒေါ်လထော်ဂျာနန်က တာဝန်ယူ လုပ်ဆောင်နေသည်။

၄ နှစ်ကြာ လူကြီး ရောဂါဖြင့် ဆေးကုသမှု ခံယူနေရာမှ ယမန်နေ့က ရန်ကုန်မြို့ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ဖခင် ကွယ်လွန်သွားသည့်အတွက် ကချင်အမျိုးသားများအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သော်လည်း မျိုးဆက်သစ်များကို လက်ဆင့်ကမ်းပေးနိုင်ခဲ့သည်ဟု သမီးဖြစ်သူ ဒေါ်လထော်ဂျာနန်က ပြောသည်။

“ကျွန်မ အမြဲတမ်း စိတ်ထဲရှိနေတာကတော့ မဖြစ်ဘူးဆိုတဲ့ဟာကို မဖြစ်သင့်ဘူး တခုခုဆိုရင် ရအောင်လုပ်ရမယ်ဆိုတဲ့ သူ့ရဲ့ စွဲလုံးလ ဝိရိယက ကျွန်မအတွက် အမြဲတမ်းသင်ခန်းစာဖြစ်သလို၊ အမြဲတန်း လူတွေကို ဆက်ဆံတဲ့အခါမှာ အမြဲတမ်းအပြုံးနဲ့ဆက်ဆံတာကလည်း ကျွန်မကိုယ်တိုင် လုပ်ဆောင်နိုင်ဖို့အတွက် သင်ခန်းစာ အချက်တခုပေါ့နော်”ဟု သူက ပြောသည်။

သူသည် ကချင်အမျိုးသားများအတွက် သာမက ကချင်နှစ်ခြင်း ခရစ်ယာန်သာသာနာရေးတွင်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်၍ ကချင်တမျိုးသားလုံး ဝမ်းနည်းရကြောင်း ကချင်လူမှုကွန်ယက်များတွင် ရေးသားထားသည်။

၁၉၉၃-၁၉၉၉ ခုနှစ်ထိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)တွင် အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၀-၂၀၀၃ ခုနှစ်အထိ KBC ၏ ညွှန်ကြားရေးမှူးချုပ်ဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ စဘွဲဂျွမ်၏ ရုပ်အလောင်းကို လာမည့် ဇူလိုင်လ ၃ ရက်နေ့ ဂျော်ဘွမ်သုသာန်တွင် မြေမြှပ်သဂြိုဟ်မည် ဖြစ်သည်။

သူကွယ်လွန်ချိန် ဇနီး၊ သားသမီး ၄ ဦးနှင့် မြေး ၁၀ ဦး ကျန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly