မိခင်နှင့်ကလေး သေဆုံးမှုလျော့ချရန် အရေပြားအောက်ထိုးသည့် သန္ဓေတားဆေး ဝန်ကြီးဌာန နှင့် UNFPA ပူးပေါင်းမိတ်ဆက်

မိခင်နှင့်ကလေး သေဆုံးမှုလျော့ချရန် အရေပြားအောက်ထိုးသည့် သန္ဓေတားဆေး ဝန်ကြီးဌာန နှင့် UNFPA ပူးပေါင်းမိတ်ဆက်
Photo-Sayana Press

နေပြည်တော်၊ ဇွန်လ ၂၇ ။            ။ မိခင်နှင့်ကလေး သေဆုံးမှုလျော့ချရန်ရည်ရွယ်၍ အရေပြားအောက်ထိုးသည့် သန္ဓေတားဆေးကို ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေ (UNFPA)အဖွဲ့နှင့် ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုယ်တိုင် အသုံးပြုနိုင်သည့် အရေပြား အောက်ထိုးသည့် သန္ဓေတားဆေးကို စတင်မိတ်ဆက်ခဲ့သည်။

ဇွန်လ ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Hotel Max ဟိုတယ်တွင် အခမ်းအနားကျင်းပကာ မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိုယ်တိုင် အသုံးပြုနိုင်သော အရေးပြားအောက်ထိုးသည့် သုံးလခံ သန္ဓေတားဆေး(Sayana Press)သည် လက်ရှိသုံးနေသော ဒက်ပိုထိုးဆေးနှင့် အာနိသင် တူသော်လည်း Sayana Press၏ အားသာချက်မှာ ဒက်ပိုကဲ့သို့ ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီမပါဘဲ ကိုယ်တိုင်အသုံးပြုနိုင်သည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ လှမြသွေး အိန္ဒြာကဆိုသည်။

“သူကတော့ ကျွန်မတို့ အရင် ဒီနိုင်ငံထဲကို ဝင်နေတဲ့ အင်ဆူလင် ပေါ့နော် ဆီးချိုမှာ သုံးတဲ့ အင်ဆူလင်လိုပဲ ကိုယ့်ဘာသာကိုယ် ထိုးလို့ရတယ်။ Self Injectionပေါ့” ဟု ဒေါက်တာ လှမြသွေး အိန္ဒြာကပြောသည်။

ကိုယ်တိုင်ထိုးလို့ရသည်ဆိုသော်လည်း စိတ်ချပြီးလွှတ်လိုက်လို့မရသည့် အတွက် ပြည်သူများထံသို့ ၎င်းဆေးထိုးနည်းများကို လိုက်လံသင်ကြားပေးသွားမည်ဟု ဆိုသည်။

ကျန်းမာရေးဝန်ထမ်းများ မသွားရောက်နိုင်သော၊ ဝေးလံခေါင်သီသည့်ဒေသများ၊ ဆင်းရဲ နွမ်းပါးသော ဒေသများ၊ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ လူမျိုးစုများမှ အမျိုးသမီးများနှင့် အိုးအိမ်စွန့်ခွာ ရှောင်တိမ်းနေထိုင်ကြရသည့် အမျိုးသမီးများ လက်လှမ်းမှီစေနိုင်ရန် ဦးစားပေးဝေငှပေးမည်ဟုလည်း ၎င်းက ပြောသည်။

ယခုဆေးကို မိတ်ဆက်ခြင်းမှာ လူဦးရေ လျော့ချရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ မိခင်နှင့်ကလေး သေဆုံမှုလျော့ချစေရန် ရည်ရွယ်သည်ဟုလည်း ဒေါက်တာ လှမြသွေး အိန္ဒြာကပြောသည်။

“ကျွန်မတို့က မလိုလားအပ်တဲ့ကိုယ်ဝန်ကို မရှိစေချင်ဘူး။ ရရှိလာသော သားသမီးများတိုင်းသည် မိမိလိုချင်တဲ့ Wanted Pragnancy ပဲ ဖြစ်စေချင်တယ်။ သားသမီးကို မလိုချင်ပဲရတယ်ဆိုတာ မဖြစ်ကို မဖြစ်စေချင်ဘူး။ အဲဒါကြောင့် ဒီသားဆက်ခြားနည်းလမ်းကိုလုပ်တယ်။ အထူးသဖြင့်ကတော့ ရက်တစ်ထောင်စီမံကိန်း ကိုယ်ဝန်စရှိသည်မှ ရက်တစ်ထောင်အတွင်းမှာတော့ သားသမီးကို မယူစေချင်ဘူး။ အဲ့တော့ ကျွန်မတို့လုပ်တဲ့လုပ်ငန်းတွေက လူဦးရေလျော့ချဖို့လုံးဝမဟုတ်ပါဘူး။ တကယ်တမ်းကတော့ မိခင်တွေ သေဆုံးမှုကျဆင်းဖို့ ကလေးသေဆုံးမှုကျဆင်းဖို့ အတွက်လုပ်တာဖြစ်တယ်” ဟု ပြောသည်။

ပထမဆင့် အနေဖြင့် မြို့နယ် ၆၀ မြို့နယ်တွင် သားဖွားဆရာမ ၃၀၀၀ကျော်အား သင်တန်းပေးကာ သန္ဓေတားဆေး အသုံးပြုသူများ လိုအပ်သည့်အကူအညီများကို မကြာမီအချိန်အတွင်း ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly