အကျဉ်းကျရာမှ ပြန်လွတ်လာသူ တရုတ်နိုဘယ်ဆုရှင် ရောဂါအခြေအနေစိုးရိမ်ရ၍ ပြည်ပတွင် ဆေးကုသလို

အကျဉ်းကျရာမှ ပြန်လွတ်လာသူ တရုတ်နိုဘယ်ဆုရှင် ရောဂါအခြေအနေစိုးရိမ်ရ၍ ပြည်ပတွင် ဆေးကုသလို

ပေကျင်း၊ ဇွန် ၂၇ ။           ။ အသည်းကင်ဆာရောဂါကျွမ်းနေ၍ ပြစ်ဒဏ်မစေ့မီ ခံဝန်ကတိဖြင့် အကျဉ်းထောင်မှ ပြန်လွှတ်ပေးလိုက်သည့် တရုတ်အစိုးရဆန့်ကျင်သူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လျူရှောက်ဘိုက ပြည်ပတွင် ဆေးကုသရန် လိုလားနေကြောင်း အမည်မဖော်သည့် ၎င်းနှင့်အရင်းနှီးဆုံးမိတ်ဆွေက EPA သို့ ပြောသည်။

၂၀၁၀ ခုနှစ်က လျူရှောက်ဘို ငြိမ်းချမ်းရေးနိုဘယ်ဆုရချိန်မှစ၍ နေအိမ်အကျယ်ချုပ် ချခံထားရသည့် ဇနီးဖြစ်သူ လျူရှီက သူ့ခင်ပွန်း၏ ကင်ဆာရောဂါမှာ အချိန်လွန်နေပြီဖြစ်ကြောင်း ပြောဆိုထားသော ဗီဒီယိုမှာ ဇွန် ၂၆ ရက်တွင် အွန်လိုင်း၌ ပျံ့နှံ့ခဲ့သည်။

"သူတို့အနေနဲ့ ပြည်ပမှာ သွားရောက်ကုသမှုခံသင့်တယ်။ သူတို့ကိုယ်တိုင်လည်း ဒီလိုပဲ ဆန္ဒရှိနေတယ်။"ဟု အဆိုပါမိတ်ဆွေဖြစ်သူက ပြောပြီး လျူ၏ အခြေအနေမှာ စိုးရိမ်စရာကောင်းသည်ဟု သတိပေးပြောဆိုသည်။

လောင်အန်းပြည်နယ် ရှန်ယန်းဆေးရုံတွင် တင်ထားကုသနေသည့် လျူထံသို့ ဇနီးဖြစ်သူအပါအဝင် မိတ်ဆွေတစ်ချို့ လာရောက်ခွင့်ရသော်လည်း ရဲလုံခြုံရေးချထား၍ ကျန်မိတ်ဆွေများနှင့် ဂျာနယ်လစ်များ ဝင်ရောက်ခွင့် မရပေ။

 လျူအား ကျော်ကြားသော ကင်ဆာအထူးကုဆရာဝန်ရှစ်ဦးအဖွဲ့ဖြင့် ကြပ်မတ်ကုသပေးနေကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်သော်လည်း အသေးစိတ်ဖော်ပြခြင်း မရှိသကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယခုပြည်တွင်းရေး ကိစ္စရပ်ကို နိုင်ငံတကာအဖွဲ့အစည်းများက ကြားဝင်စွက်ဖက်ခြင်း မပြုရန် တိုက်တွန်းထားသည်။

အသက် ၆၁ နှစ်ရှိ ဒီမိုကရေစီ လူ့အခွင့်အရေးလှုပ်ရှားသူ စာရေးဆရာတစ်ဦးလည်းဖြစ်သော လျူသည် ၂၀၀၉ ခုနှစ်အတွင်း ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

၎င်းသည် ကင်ဆာရောဂါ ဖြစ်ပွားသည့် အခြေအနေကို သိရှိရမှ ပြစ်ဒဏ်မစေ့မီ ဆယ့်တစ်နှစ်အလိုတွင် မေ ၂၃ ရက်၌ ပြန်လွှတ်ပေးပြီး ဆေးကုသမှု ခံယူစေခြင်းဖြစ်သည်။

လျူသည် ဖမ်းဆီးခံရပြီး နောက်တစ်နှစ် ၂၀၁၀ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခြင်း ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly