တပ်မတော်မှ ဖမ်းဆီးထားသည့် သတင်းထောက်များ အမြန်ဆုံးလွှတ်ပေးရန် မြန်မာနိုင်ငံသတင်းစာဆရာအသင်း အပါအဝင် မီဒီယာကွန်ရက်များ တောင်းဆို

တပ်မတော်မှ ဖမ်းဆီးထားသည့် သတင်းထောက်များ အမြန်ဆုံးလွှတ်ပေးရန် မြန်မာနိုင်ငံသတင်းစာဆရာအသင်း အပါအဝင် မီဒီယာကွန်ရက်များ တောင်းဆို

ရန်ကုန်၊ ဇွန်လ ၂၇ ။         ။ တအာင်း/ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) နယ်မြေတွင် သွားရောက်သတင်းယူသည့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ကိုသိန်းဇော်၊ DVB သတင်းဌာနမှ သတင်းထောက် ၂ ဦးဖြစ်သည့် ကိုအေးနိုင် နှင့် ကိုပြည့်ဘုန်းအောင်တို့အား တပ်မတော်မှ ဖမ်းဆီးထားမှုအပေါ်အမြန်ဆုံးလွှတ်ပေးရန် မြန်မာသတင်းစာဆရာအသင်း အပါအဝင် မီဒီယာကွန်ရက်များမှ ဇွန်လ ၂၇ရက်က ထုတ်ပြန်တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းအပါအဝင် မြန်မာဂျာနယ်လစ်ကွန်ရက်( ဧရာဝတီတိုင်းဒေသကြီး)၊ တိုင်းရင်းသားအခြေစိုက် မီဒီယာကွန်ရက်များဖြစ်သည့် ချင်းမီဒီယာကွန်ရက်၊ ရှမ်းပြည်နယ်တောင်ပိုင်း သတင်းမီဒီယာကွန်ရက်နှင့် မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်တို့မှ ထုတ်ပြန်တောင်းဆိုခဲ့ကြပြီး အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မျိုးဆက်လှိုင်း ( Generation Wave) အဖွဲ့မှလည်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် သတင်းထောက် သုံးဦးမှာ TNLA မှ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  အခမ်းအနားသို့ သွားရောက် သတင်းယူခြင်းဖြစ်သည်။

ထို့ကဲ့သို့ အစိုးရနှင့် အပစ်ရပ်လက်မှတ်မထိုးထားသည့် တအာင်း/ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) နယ်မြေတွင် သတင်းသွားယူခဲ့သော သတင်းထောက်များအနေဖြင့် မတရားအသင်း ဆက်သွယ်သည့် ဥပဒေနှင့် ငြိစွန်းသည်ဟုဆိုလျှင် “၂၁ ရာစု ပင်လုံညီလာခံတွင် လည်းကောင်း၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲများတွင်လည်းကောင်း၊   နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အကြီးအကဲများမှ NCA လက်မှတ်မထိုးထားသည့်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများမှာ မည်သို့ သဘောထားရမည်နည်း” ဟု မေးခွန်းထုတ်စရာဖြစ်ကြောင်း   မြန်မာနိုင်ငံသတင်းစာဆရာအသင်း  ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံသတင်းမီဒီယာ ဥပဒေပုဒ်မ - ၇(က) အရ သတင်းထောက်များအနေဖြင့် စစ်ဖြစ်ပွားရာ၊ ပဋိပက္ခဖြစ်ပွားရာနေရာများသို့ လွတ်လပ်စွာ သွားရောက်သတင်း ရယူခွင့်ရှိသည်ဟု အတိအလင်းဖော်ပြထားသည်။

၂ဝဝ၆ ခုနှစ်က ချမှတ်ခဲ့သည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် အမှတ် - ၁၇၃၈ တွင်လည်း ပဋိပက္ခဖြစ်ပွားရာ နေရာများတွင် သတင်းထောက်များကို အရပ်သား ပြည်သူများနှင့် တန်းတူကာကွယ်စောင့်ရှောက်ပေးရမည်ဟု ပါရှိထားသဖြင့် ယခုကဲ့သို့ သတင်းထောက်များကို ဖမ်းဆီးခြင်းမှာ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာဥပဒေများနှင့် ကွဲလွဲနေသည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ပြီး ဖမ်းဆီးခံသတင်းသမားများအား အမြန်ဆုံးလွှတ် ပေးရန် တိုက်တွန်းတောင်းဆိုခြင်းဖြစ်ကြောင်း မျိုးဆက်လှိုင်း ( Generation Wave) အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags